စစ်ကောင်စီလက်နက်ကြီးကြောင့် နှစ်ရက်အတွင်း ယောဒေသခံ ၄ ဦး သေဆုံး

0
298
Photo - ယောအလင်းတန်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က အနောက်ဂန့်ဂေါကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပြီး သားအမိနှစ်ဦး သေဆုံးခဲ့ကာ ထီးလင်းမြို့နယ် တောရောင်းရွာတွင်လည်း ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သားအဖနှစ်ဦး သေဆုံးခဲ့ရတယ်ဟု ဒေသခံတို့ထံမှ သိရသည်။

ဂန့်ဂေါမြို့ဒေသခံတစ်ဦးက “စစ်ကောင်စီက ရမ်းသမ်းပစ်ပြီး လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတာ။ ဂန့်ဂေါမှာတော့မိုင်းဆွဲခံရလို့ အကျဆုံးများပြီး ၁၂၀ မမတွေနဲ့ ရမ်းပစ်တာကနေ ပြည်သူတွေ သေကြေပျက်စီး ရတာ” ဟု ပြောသည်။

ဂန့်ဂေါမြို့ မြစ်သားတမံပေါ်ကနေ မြို့ထဲသို့ တပ်ပြန်ဆုတ်လာသည့် အင်အား ၅၀ ပါ စစ်ကြောင်းကို ဇန်နဝါရီလ ၁၉ ရက်နေက ဂန့်ဂေါခရိုင်ကာကွယ်ရေးတပ်များဖြစ်သည့် FRF-Gangaw၊ YPDF၊ KKG နှင့် ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့သည်။

တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ် အရှေ့တောင်ဘက် ယန္တရားကုန်းဘက်က လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးနှင့် သူ့ရဲ့ ၁၀ လသား အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၆၀ နဲ့ ၈၀ ကျော် အရွယ်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတို့က ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်းကလည်း ထီးလင်းမြို့နယ် ရွှေထီးခန်းမက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် တောရောင်းကျေးရွာက သားအဖ ၂ ဦးသေဆုံးပြီး ကျေးရွာသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

စစ်ကောင်စီတပ်တွေက လက်နက်ကိုင်ခုခံတော်လှန်စစ် အားကောင်းသည့် ဂန့်ဂေါခရိုင်အတွင်းကို မကြာခဏ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားနေတာလို့ ဒေသကာကွယ်ရေးတပ်တွေက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပြီး မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှု ၃၀၀ ကျော် ရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန် ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here