
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ်များနှင့် ကချင်လွတ် လပ်ရေး တပ်မတော် KIA ဦးဆောင်သည့် ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များနှင့် SNA တပ်သား ၁၀ ဦး သေဆုံးသွားကြောင်း သိရသည်။
ခန္တီးမြို့နယ်၊ နန်စီပွန်ကျေးရွာအနီးရှိ ငှက်ပျောတောတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် SNA တပ်စခန်း တို့ကို KIA၊ အရှေ့နာဂ ကာကွယ်ရေးတပ်မတော် ENDA၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF ပူးပေါင်း မဟာမိတ်တော်လှန်ရေးတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
NPDF တာဝန်ရှိသူက “တစ်ရက် နာရီဝက်လောက် ဖြစ်တာပါ။ ရက်ဆက် တောက်လျှောက် ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ သေတာက ၁၀ ယောက် သေတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေရော ရှိတယ်လို့ ကြားရတယ်။ ဒါတော့ ဘယ်နှစ်ယောက်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ သူတို့ပူးပေါင်းထားတဲ့တပ်ဖွဲ့ သေတာပါ။ စကစ နဲ့ SNA ဆိုပြီး ခွဲခြားအတည်ပြုနိုင်တာမျိုးတော့ မရှိဘူး။ နှစ်ဖွဲ့ပေါင်း ၁၀ ဆိုတာမျိုးပဲ သိရ တယ်” ဟု ပြောသည်။
ငှက်ပျောတောတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် SNA တပ်စခန်းကို KIA၊ ENDA၊ NPDF ပူးပေါင်း မဟာမိတ်တော်လှန်ရေးတပ်တို့က တစ်ရက်ခြားစီဖြင့် နှစ်ရက် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်ခံရမှုထဲ စစ်ကောင်စီတပ်နှင့် SNA တပ်ဖွဲ့တို့ဘက်က ၁၀ ဦး သေဆုံးခဲ့သည်ဟု NPDF တာဝန်ရှိသူက ပြောသည်။
နန်စီပွန်ဒေသသည် ကျောက်စိမ်းနှင့် ရွှေထွက်ရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်နှင့် SNA ရှမ်းနီတပ်တို့ စိုးမိုးထား သည့် ဒေသဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ပွဲနှင့်ပတ်သတ်၍ အရှေ့နာဂ ကာကွယ်ရေးတပ် ENDA မှ တာဝန်ရှိသူတစ်ဦးကလည်း “ENDA၊ KIA၊ NPDF ရယ် အတူသွားခဲ့တာပါ။ ပဒူးမုန်းအထက် ငှက်ပျောတောမှာ ဖြစ်တာပါ။ နန်စီပွန် အထက်နားကမှာ ဟုတ်တယ်။ ကျနော်တို့ အဖွဲ့ကတော့ ထိခိုက်မရှိခဲ့ပါဘူး” ဟု ပြောသည်။
အဆိုပါ ငှက်ပျောတောစခန်းတွင် စစ်ကောင်စီ လက်အောက်ခံတပ်ဖြစ်သည့် ခလရ – ၂၂၉ နှင့် ရှမ်းနီတပ်မတော် SNA အင်အား ၁၀၀ ခန့် ထိုင်ထားကြောင်း သိရသည်။
တိုက်ပွဲမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ နှင့် ၁၅ ရက်နေ့ တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တာကြောင့် NPDF တပ်ဖွဲ့ဘက်မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
NPDF တာဝန်ရှိသူက “NPDF က တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ် ဘူး။ သူတို့ဘက်က လက်နက်ကြီး ပြန်ပစ်တာတွေရှိတယ်။ ဒေသခံတွေ အထိအခိုက်တော့ မရှိဘူး။ ရှောင်တိမ်း တာတွေတော့ ရှိပါတယ်။ လက်ရှိ ဘယ်လောက် တိမ်းရှောင် နေရတယ်ဆိုတာတော့ အတည်ပြုဖို့ ခက်တယ်ဗျ။ အခုလည်း တိမ်းရှောင်နေသူရှိတုန်းပဲ” ဟု ပြောသည်။
နန်စီပွန်ကျေးရွာသည် ခန္တီးမြို့နယ်ရှိ ကျောက်စိမ်းထွက်သည့် ဒေသဖြစ်ပြီး ဒေသခံများမှာ ထိုတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း NPDF တာဝန်ရှိသူက ပြောဆိုသည်။
NMG ပေးပို့သည်။