ရှမ်းပြည်နှင့် ကရင်နီ (ကယား) ပြည်နယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားများကို ပြည်သူနဲ့အတူ ပူးပေါင်းဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) “ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီ” က သွားရောက် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်သားကောင်း သစ္စာစကားနဲ့အညီ လုပ်ဆောင်နေဖို့၊ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်လာပြီး မိမိတို့ရဲ့ သားသမီးတွေရဲ့ ရှေ့ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကောင်းစားဖို့ နွေးထွေးစွာ ကြိုဆိုတယ်လို့ IEC “ဘက်ပြောင်းရေး အစီအမံ စီမံကြီးကြပ်ရေးကော်မတီ” ညွန်ကြားရေးမှူး ဗိုလ်ကြီးနေမျိုးဇင်က တိုက်တွန်း ဖိတ်ခေါ်ခဲ့သည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ဖယ်ခုံမြို့က စစ်ကောင်စီတပ်သားတွေကို ဗိုလ်ကြီးနေမျိုးဇင်က ကိုက် ၇၀၀ အကွာကနေ လော်စပီကာနဲ့ သွားရောက်တိုက်တွန်း ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ခင်ဗျားတို့ ဆိုနေတဲ့သစ္စာမှာ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါ့မယ်လို့ နေ့စဥ်ဆိုနေတာ ဖြစ်တယ်။ ငါတို့သည် မင်းအောင်လှိုင်နဲ့ သူ့မိသားစု ပြည်သူ့ဘဏ္ဍကို ခိုးချင်ရာခိုးပိုင်ခွင့်ရဖို့ ငါတို့အသက်ကို ပေးရပါမည်လို့ ဆိုနေတာမဟုတ်ပါဘူး” လို့ ဗိုလ်ကြီးနေမျိုးဇင်က ပြောဆိုသည်။
ဖယ်ခုံမြို့ စကခ (၇) လက်အောက်ရှိ စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့တွေနှင့်အတူ သွားရောက် ဖိတ်ခေါ်ထားသည့် ဗီဒီယိုဖိုင်ကို ဗိုလ်ကြီးနေမျိုးဇင်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
ဗိုလ်ကြီးနေမျိုးဇင်က “ပြည်သူတစ်ရပ်လုံးက ခင်ဗျားတို့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့အတွက် ဘက်ပြောင်းလာတဲ့ စစ်သည်တော် အရာရှိများအား အခုဆိုရင် ကျနော်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပြီဖြစ်တယ်” ဟု ပြောဆိုဖိတ်ခေါ်သည်။
ယင်းအပြင် ၎င်းက “ဘက်ပြောင်းလာတဲ့ စစ်သည်အရာရှိတွေကို နွေးနွေးထွေးထွေး ကြိုဆိုနေရာချထားဖို့ အဆောက်အဦးတွေ၊ မိသားစုလိုက် ထားစရာနေရာတွေ ခင်ဗျားတို့သားသမီး ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ဖို့ အစီအစဥ်တွေအားလုံး ပြင်ဆင်ထားပြီးဖြစ်တယ်” လို့လည်း ပြောဆိုပါသည်။
ဆက်သွယ်လိုသည့် တပ်ရင်းမှူးဖြစ်စေ၊ အရာရှိဖြစ်စေ၊ တပ်သားဖြစ်စေ ဆက်သွယ်ရေးချန်နယ်ဖြစ်တဲ့ 067770 ကို အချိန်မရွေး ဆက်သွယ်လာနိုင်တယ်လို့ ဗိုလ်ကြီးနေမျိုးဇင်က ဆက်ပြောသည်။
ဗိုလ်ကြီးနေမျိုးဇင်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေ ယင်းကဲ့သို့ သွားရောက်ဖိတ်ခေါ်နေစဉ်အတွင်း စစ်ကောင်စီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာရှိကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် တပ်သားများကို IEC ရဲ့ “ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီ” က ဖိတ်ခေါ်နေပြီး ဘက်ပြောင်းလာသည့် မည်သည့်တပ်သားကိုမဆို အာမခံချက်နဲ့အညီ ဆောင်ရွက်ပေးသွားမယ်လို့ IEC က ပြောသည်။
“ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီ” ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကော်မတီဝင် ၅ ဦးနှင့် ဖွဲ့စည်းလိုက်ကြောင်း IEC က ထုတ်ပြန်ထားသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။