ကရင်နီစစ်ရှောင်များ ရေရှည်စားနပ်ရိက္ခာတောင့်ခံနိုင်ရေး တနိုင်တပိုင်စိုက်ပျိုးရာမှာ မျိုးစေ့ထောက်ပံ့မှုများ လိုအပ်နေ

0
328

ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ဘေးရှောင်လူထုသည် စစ်ဘေးရှောင်ကာလ ကြာရှည်လာသည်နှင့်အမျှ ရေရှည်စားနပ်ရိက္ခာရရှိ တောင်ခံနိုင်ရေးအတွက် တနိုင်တပိုင်စိုက်ပျိုးရေး လုပ်ဆောင်ရာမှာ အောင်မြင်မှု ရှိနေသလို မျိုးစေ့ထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း ၁၆ ခုတွင် ဆောင်းသီးနှံမျိုးစေ့များကို Kayan Rescue Committee-KRC နှင့် မိတ်ဖက်အဖွဲ့အစည်းတွေကနေ ထောက်ပံ့ပေးခဲ့တာရှိပြီး အထွက်နှုန်းကောင်းမွန်တာကို တွေ့ခဲ့ရကြောင်း KEC အဖွဲ့တာဝန်ခံ ကိုချမ်းအေးက ပြောဆိုသည်။

စိုက်ပျိုးရေးဆောင်ရွက်လိုသည့် စစ်ရှောင်အများစု ရှိနေသေးပေမဲ့ စိုက်ပျိုးဖို့မြေနေရာ အခက်အခဲ ရှိနေတယ်လို့လည်း ၎င်းက ဆက်ပြောသည်။

“ဘယ်အဖွဲ့အစည်းမှ ကျနော်တို့ စိုက်ပျိုးရေးအတွက်ဆို ကူညီပံ့ပိုးတဲ့ ဒီအနေအထားမှာတော့ မရှိသေးဘူး။ ခုန ပြောတဲ့ KRC က ဒီ မျိုးစေ့၊ မျိုးဆန် ပံ့ပိုးတယ်ဆိုတာကတော့ ကျနော်တို့ အဓိက ဒီပိုင်းလော့အစီအစဉ် အနေနဲ့ပေါ့‌လေ၊ ဒါ စီမံကိန်း မဟုတ်ဘဲနဲ့ ကျနော်တို့ ဒီလိုလေး ဆောင်းရာသီ၊ ဆောင်းတွင်းသီးနှံမျိုး ပံ့ပိုးရင်တော့ အဆင်ပြေနိုင်တဲ့ အနေအထား ရှိ၊ မရှိ စမ်းသပ်နိုင်တဲ့ အစီအစဉ်လေးပါပဲပေါ့နော့။ အဓိကပြောချင်တာက စိုက်ပျိုးရေးကို ပံ့ပိုးထောက်ပံ့ပေးတဲ့ အစီအစဉ် မရှိသေးတာတော့အမှန်ပဲ” လို့ ကိုချမ်းအေးက ဆက်ပြောသည်။

တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသတွေမှာလည်း ဒေသခံတွေနှင့် စစ်ရှောင်တွေဟာ စိုက်ပျိုးရေးကို ပိုမိုလုပ်ကိုင်နေကြပြီး လာမယ့်မိုးရာသီကာလမှာလည်း စိုက်ပျိုးနိုင်ဖို့အတွက် သီးနှံမျိုးစေ့များ ပံ့ပိုးမှု လိုအပ်နေတယ်လို့ သိရသည်။

စစ်ရှောင်များ နေထိုင်ကြသည့် နေရာဒေသအပေါ် မူတည်ပြီး စိုက်ပျိုးခွင့်ရတဲ့နေရာတွေမှာ ပံ့ပိုးမှုတွေ လုပ်ဆောင် ပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက ပြောသည်။

“ကျနော်တို့ကတော့ အတတ်နိုင်ဆုံး စိုက်ပျိုးနိုင်တဲ့လူ စိုက်ပျိုးနိုင်တဲ့ဧရိယာမှာ စိုက်ပျိုးနိုင်အောင်တော့ ပံ့ပိုးပေးသွားဖို့ နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေ ဒီလိုမျိုး ကျနော်တို့ ကိုယ်ထူကိုယ်ထ တောင့်တောင့်ကြပ်ကြပ်ပြီးမှ တောင့်ခံနိုင်တဲ့ ကျနော်တို့ စားနပ်ရိက္ခာဆိုင်ရာ စီမံကိန်းတွေကို ပိုဦးစားပေးဖို့က ဆက်တိုက်တောင်းဆိုတာရှိတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းလည်း နိုင်တဲ့ဘက်ကနေ လုပ်ဆောင်နေတာ ရှိတာပေါ့နော်” လို့ ဦးဗညားက ဆိုသည်။

စစ်ရှောင် ၂၀ ရာခိုင်နှုန်းသာ ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်နိုင်ပြီး စစ်ရှောင်အများစုက တပိုင်တနိုင် စိုက်ပျိုးသီးနှံတွေကိုသာ အနည်းငယ် စိုက်ပျိုးနေကြတယ်လို့ ဦးဗညားက ဆက်ပြောသည်။

ကရင်နီပြည်ရှိ စစ်ရှောင်များသည်လည်း စားနပ်ရိက္ခာအတွက် မိမိတို့ကိုယ်တိုင် စပါးစိုက်ပျိုးထုတ်လုပ်ကြဖို့ လိုအပ်တယ်လို့လည်း IEC က တိုက်တွန်းပြောဆိုထားသည်။

အလားတူ စစ်ရှောင်များ ရေရှည်၌ ဆက်လက်ရပ်တည်သွားနိုင်ဖို့ အလှူရှင်တွေရဲ့ ထောက်ပံ့ပေးမှုတွေလည်း လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ပြောဆိုပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here