ကျောက်တော်တွင် တပ်ဆုတ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

0
247

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင်မဟာမုနိကုန်းတော်ပေါ်က တပ်ဆုတ်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က ဇန်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“သရက်တပင် အထကကျောင်းမြောက်ဘက်မှာ ဖြစ်နေတယ်။ သရီချောင်းအကွေ့ပေါ့။ ဒေသအခေါ်နဲ့ဆိုရင် ဓူဝံအိုင်နားမှာ ဖြစ်နေတာ။ ဓူဝံအိုင်က ရေတိုက်စားလို့ကျွန်းလိုမျိုးဖြစ်နေတာ။ အဲ့ဒီအနားမှာ ဖြစ်နေတယ်။ ဒီနံနက် ၅ နာရီကနေ ဖြစ်နေတာ အခုထိဆက်ဖြစ်နေတယ်” ဟု သရက်တပင်ကျေးရွာခံတစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားရင်ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီလ ၁၇ ရက်၊ နံနက် အရုဏ်တက်အချိန်၌ မဟာမုနိဘုရားကုန်းတော်ပေါ်မှ တပ်ဆုတ်ထွက်ခွာလာရာတွင် တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ဘုရားပေါ်က စစ်သားတွေက တပ်ဆုပ်ထွက်လာကြတာ။ အင်အား ဘယ်လောက် ရှိတယ်ဆိုတာတော့ မခန့်မှန်းနိုင်ဘူး။ ညောင်ချောင်းဘက်က ကူးပြီးတော့ သရက်တပင်ရွာ ဘက်ရောက်လာတာနဲ့ AA တပ်တော်က ကလေးတွေနဲ့ ဖြစ်ကြတာ” ဟု ပြောသည်။

တိုက်ပွဲသည် ယင်းနေ့ နံနက် ၁၀ နာရီထိ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်နေကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးသို့ ကျောက်တော် ၃၇၆ တပ်နှင့် စခက ၉ မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ညီအစ်ကိုတော်စပ်သူ ဒေသခံအမျိုးသား ၂ ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။

ယင်းအပြင်အနီးအနားရှိ ကျေးရွာများမှ ဒေသခံများသည်လည်း အဆိုပါတိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်းနေရသလို တချို့မှာ ဗုံးခိုကျင်းများတွင် ဝင်ပုန်းနေရသည်ဟုလည်း သိရသည်။

တိုက်ပွဲ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here