“အဲ့ဒီမှာရှိတဲ့ ရခိုင်ပြည်နယ်ကလာပြီးတော့ အလုပ်လုပ်နေတဲ့ ကလေးတွေဟာလေ ခါးစည်းပြီး သူတို့အလုပ်လုပ်တယ်။ ရလာတဲ့ ပိုက်ဆံကို စားဝယုံ ခါးလှယုံလောက်ပဲ။ ကျန်တာအကုန်ပုံပြီး AA ကို လှူနေတာဗျ။ AA ကို ဒါကြောင့်မို့ ကျွန်မ ကောင်းကောင်းနားလည်တယ်။ AA ခေါင်းဆောင်တွေဘက်ကလည်း သူတို့အပေါ် ရခိုင်လူထုကထားတဲ့ စေတနာကိုနားလည်တယ်” နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော”

0
482
ပုံစာ - နိုင်ငံရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်ဇော

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အခြေအနေများကြားထဲ ရခိုင်နိုင်ငံရေး၊ စစ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်စစ်ပွဲသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ပြီး တဖန်ပြန်လည် ဖြစ်ပွားလာခဲ့သည်။ လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ပလက်၀ဒေသတစ်ခုလုံးအပါအဝင် နယ်မြေအတော်များများကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီဘက်တွင် တပ်များတတပ်ပြီးတတပ် လဲပြိုကျ၊ ဆုံးရှုံးမှုများ အကြီးအကျယ်ရှိနေသည့် အခြေအနေမျိုးတွင် တရုတ်၏ဖိအားနှင့်တခါ အပစ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ထိုးထားရတာလည်းရှိသည်။

အခုလို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အခြေအနေများကြားထဲ ရခိုင်နိုင်ငံရေး၊ စစ်ရေးအခြေအနေက ဘယ်လို ဖြစ်လာနိုင်လဲဆိုတာ မြန်မာနိုင်ငံရေးကို ထဲထဲဝင်ဝင် သိရှိနားလည်သူ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တရုတ်ရဲ့ဖိအားကြောင့် ရှမ်းမြောက်အပစ်ရပ်ရတယ်။ ဒီအပစ်ရပ်စဲတာက ရခိုင်စစ်ရေးအခြေအနေကို ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မယ်လို့ သုံးသပ်ပါလဲ။

ဖြေ။ ။ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ တရုတ်မှာ ဆွေးနွေးပြီး အပစ်ရပ်တာက မြောက်ပိုင်းဒေသ တစ်ခုအတွက်ပဲ၊ ရခိုင်နဲ့ သိပ်မဆိုင်ဘူး။ ဘယ်သူမှလည်း ကတိပေးမထားဘူးလေ။ AA က ကတိပေးတယ်လို့လည်း မကြားဘူး။ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကတိပေးတာတော့ဟုတ်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို ကတိပေးတာ ဖြစ်တယ်။ ရခိုင်ဘက်မှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတာပဲ။ ရခိုင်က ပြဿနာမရှိဘူး ထင်ပါတယ်။

မေး။ ။ ရခိုင်မှာ စစ်ကောင်စီဗျူဟာစခန်းတွေ၊ စစ်စခန်းတွေကို ရက္ခိုင့်တပ်တော်က တခုပြီးတခု သိမ်းပိုက်နေတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တပ်မမှူးတွေကအစ အဖမ်းဆီးခံရတာ၊ လက်နက်ချတာတွေလည်း ရှိနေပါတယ်။ ဒီတော့ စစ်ကောင်စီရဲ့ စစ်ရေးအခြေအနေအပေါ်မှာ ဆရာမရဲ့အမြင်လေး သိပါရစေ။

ဖြေ။ ။ ကျွန်မကြည့်တာတော့ စစ်ကောင်စီဘက်က စစ်တပ်က တော်တော် အလဲလဲအပြိုပြို ဖြစ်နေတယ်။ စိတ်ဓာတ်ကလည်း တော်တော်ထိခိုက်နေကြပုံရတယ်။ မြောက်ပိုင်းမှာ စခန်းကုန်းတွေ သိမ်းပြီးတော့ တက်လာတဲ့ ဗွီဒီယိုတွေကြည့်ရတာ သူတို့လက်နက်ခဲယမ်းဆိုတာ နည်းတာမှမဟုတ်ပဲ။ အဲ့ဒါတွေကို ဘာမှမလုပ်ပဲ ဗိုလ်မှူးချုပ် ၆ ယောက်တောင် လက်နက်ချရတယ်ဆိုတော့ သူတို့တပ်ကိုက တော်တော် အခြေအနေဆိုးနေပြီထင်တယ်။ အဲ့ဒီအရှိန်နဲ့ မြောက်ပိုင်းကလည်း လုပ်စရာရှိတာဆက်လုပ်ပြီး သူတို့အခြေခံ ဒေသလေး၊ လွတ်မြောက်တဲ့ ဒေသလေးဖြစ်အောင် တည်ဆောက်နိုင်ရင်ကောင်းတာပေါ့။

မေး။ ။ ရခိုင်အပါအဝင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားတဲ့မြို့ဆိုရင်လည်း ခုဆို ၃၀ နီးပါးရှိနေပြီ။ စစ်စခန်းတွေဆိုလည်း အများကြီးပါပဲ။ စစ်ကောင်စီက ဒီနေရာတွေကို ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်ပါအုံးမလား။ ပြီးတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကရော ရေရှည်ထိန်းထားနိုင်ဖို့ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ ထင်ပါလဲ။

ဖြေ။ ။ ဟုတ်တယ်။ ဟိုတုန်းကတော့ ကျွန်မတို့က ဒီလိုဖြစ်တာကိုး။ ကျွန်မတို့ကိုယ်တိုင်လည်း တော်လှန်ရေး တွေလုပ်တုန်းက မြို့တွေသိမ်းဖူးတယ်။ ဒါပေမယ့် ဆက်မထိန်းနိုင်လို့ ပြန်လက်လွတ်လိုက်ရတာရှိတယ်။ အဲ့ဒီတုန်းကတော့ ကျွန်မတို့ ဗကပတစ်ဦးထဲက လုပ်တာကိုးဗျာ။ အခုကတော့ တိုင်ရင်းသားအဖွဲ့အစည်းတွေ အားလုံးပါတဲ့အပြင် ပြည်မကဗမာလူထုကြီးပါ ပါလာတာကြတဲ့အခါကျတော့ ဆက်လက်ပြီး သိမ်းလည်း သိမ်းနိုင်မယ်။ ထိန်းလည်း ထိန်းနိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ AA တစ်ဖွဲ့တည်း မဟုတ်ဘူးလေနော်။

မြောက်ပိုင်းညီနောင်အဖွဲ့ဆိုပြီး ဖွဲ့ထား‌တော့ သူမှာနောက်က သူ့မှာလုံခြုံတာပေါ့။ နောက်က ထောက်ပံ့ရေးတွေ ဘာတွေလိုက်နိုင်တဲ့ဟာတွေရှိတယ်။ ဒါကြောင့်မို့လို့ နေရာတွေသိမ်းပြီးရင်တော့ သူတို့ထိန်းနိုင်ပါလိမ့်မယ်။ AA ကလည်း “ဝ” နယ်လိုနေရာမျိုး၊ KIA ရဲ့ လိုင်ဇာလိုနေရာမျိုး၊ မိုင်းလားလိုနေရာမျိုးတွေမှာ သူတို့သွားတယ်။ အတွေ့အကြုံ ရှိပါတယ်။ အဲ့ဒီအတွေ့အကြုံတွေ၊ အဲ့ဒီက လူတွေရဲ့အတွေ့အကြုံတွေ၊ ဒေသ အုပ်ချုပ်ရေးတွေကို သူတို့လည်း နားလည်နိုင်ပါတယ်။ နောက်စစ်တပ်ကလည်း ခါတိုင်းနဲ့မတူဘူး။ တော်တော်ကို ပြိုဆင်းနေတာ။ ဒါကြောင့်မို့လို့ AA ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော သူတို့ ထိန်းနိုင်ပါလိမ့်မယ်။

မေး။ ။ ရခိုင်က ခွဲထွက်သွားလေမလားဆိုတဲ့ အတွေးသုံးသပ်ချက်တွေကလည်း ရှိနေကြတယ်။ အထူးသဖြင့် ဗမာလူထုအတွင်းပေါ့။ အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျွန်မသိသလောက်တော့ AA က တောင်းနေတာ ကွန်ဖက်ဒရိတ်ပဲ။ တောင်းနေတာ ခွဲထွက်ခွင့် မပြောပါဘူး၊ ကျွန်မ ကြည့်တာတော့လေ။ နောက်တစ်ခုကလည်း ညီနောင် ၃ ဖွဲ့ပေါင်းစည်းမှုကို ကြည့်ခြင်းအား ဖြင့် AA ကလည်း သဘောပေါက်ပုံရပါတယ်။ အမျိုးသား တမျိုးသားတည်းလွတ်မြောက်လို့ မဖြစ်ဘူးလေ။ သူတို့ မြောက်ပိုင်း ၃ ဖွဲ့ကလည်း တတိုင်းပြည်လုံးကို ကတိ ပေးထားတာရှိတယ်လေ။ ကျွန်မတို့ပြည်သူတွေအားလုံး စစ်အာဏာရှင်စနစ် လွတ်မြောက်တဲ့အထိ ပြည်သူတွေနဲ့အတူ တိုက်ပါ့မယ်ဆိုပြီး ကတိပေးထားတာရှိတာပဲ။ သူတို့ ကတိဖောက်ဖျက်လိမ့်မယ်လို့ ကျွန်မမထင်ဘူး။

မေး။ ။ ရခိုင်ပြည်သူတွေက ရက္ခိုင့်တပ်တော် (AA) အပေါ်မှာ ထောက်ခံမှု အရမ်းများတယ်။ တော်လှန်ရေး လက်နက်ကိုင်တရပ်အပေါ်မှာ ဒီလောက်ထောက်ခံမှုများတာက ဘာကြောင့်လို့ထင်ပါလဲ။ ပြီးတော့ ရခိုင်လူထုက ခုလိုအင်နဲ့အားနဲ့ထောက်ခံမှု ဒီအပေါ်မှာကော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ AA ကို သူတို့ ရခိုင်လူထုကထောက်ခံတာ ကျွန်မမျက်မြင်ဗျ။ ကျွန်မက ရွှေလီတို့၊ ကျန်ဖုန်းတို့မှာ မောင်တွေရှိတော့ သွားလည်ဖူးတယ်လေ။ အဲ့ဒီမှာရှိတဲ့ ရခိုင်ပြည်နယ်ကလာပြီးတော့ အလုပ်လုပ်နေတဲ့ ကလေးတွေဟာလေ ခါးစည်းပြီး သူတို့အလုပ်လုပ်တယ်။ ရလာတဲ့ ပိုက်ဆံကို စားဝယုံ ခါးလှယုံလောက်ပဲ။ ကျန်တာအကုန်ပုံပြီး AA ကို လှူနေတာဗျ။ AA ကို ဒါကြောင့်မို့ ကျွန်မ ကောင်းကောင်းနားလည်တယ်။ AA ခေါင်းဆောင်တွေဘက်ကလည်း သူတို့အပေါ် ရခိုင်လူထုကထားတဲ့ စေတနာကိုနားလည်တယ်။ ရခိုင်ပြည်နယ်က တခြားပြည်နယ်နဲ့ မတူဘူး။ သယံဇာတတွေ အများကြီးထွက်တာ။

ထွက်ရက်သားနဲ့ ဒီပြည်နယ်ကြီး ဒီလောက် ဆင်းရဲနေတာ သူတို့ရင်ကွဲမတတ် ခံစားရမှာပေါ့ဗျာ။ ရွှေလီတို့ ဘာတို့နယ်စပ်မှာလေ။ အဲ့ဒီရခိုင်လေးတွေ တချို့များ ရွာလုံးကျွတ်များတောင်မသိဘူး။ ပြောင်းလာရတာ။ လာပြီးအလုပ်လုပ်နေရတဲ့သူတွေ တကယ်သနားဖို့ ကောင်းတယ်။ တရုတ်တွေမလုပ်ချင်တဲ့ အလုပ်ဟူသမျှ သူတို့ချည်း လုပ်ရှာတာ။ လုပ်ပြီးတော့ အဲ့ဒါ AA ကို ထောက်ပံ့နေတာ။ ကျွန်မအသေအချာ တွေ့ခဲ့တာ။ ဒါကြောင့်မို့လို့ ရခိုင်ပြည်သူလူထုက သူ့ AA အပေါ်ထားတဲ့ သဘောထား။ AA ကလည်း သူ့ ပြည်သူအပေါ်ထားတဲ့ သဘောထားကို ကျွန်မ ကောင်းကောင်းနားလည်တယ်။ ဒါမျိုးကဒီလိုဗျ။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးကို ချစ်တတ်တဲ့ လူမျိုးမှပဲ ဒီလိုဟာကို ကိုယ်ချင်းစာနိုင်တာ။

မေး။ ။ ရခိုင်စစ်ရေးအခြေအနေကို နောက်ဆုံးသုံးသပ်အမြင်လေးကိုလည်း ပြောပြပေးပါအုံး။

ဖြေ။ ။ ကျွန်မတို့ ဗမာတပြည်လုံး စစ်ဘောင်ကျယ်မှာပဲ။ ရခိုင်ပြည်က AA တင်မဟုတ်ဘူး။ စစ်ကောင်စီကလည်း သူ့မှာတလမ်းပဲရှိတော့တယ်။ ဒါက ပြည်သူတွေကို သူက ရက်ရက်စက်စက်သတ်ဖြတ်ဖို့ သူ့တလမ်းပဲ၊ လေယာဉ်ပျံနဲ့ ဗုံးကြဲဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့၊ ဒါတွေ ဆက်လုပ်လာမှာပါပဲ။ ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ့်တော်လှန်ရေးအတွက် ကိုယ့်တိုက်ပွဲအတွက် အင်မတန်ခက်ခဲကျပ်တည်းတဲ့ ကာလတခုတော့ ဖြတ်ရမယ်။ မတတ်နိုင်ဘူးဗျ။ ကျွန်မတို့ လိုချင်တာတွေက သိပ်အဖိုးတန်တာကိုး။ ဒါကြောင့် ပေးဆပ်ရတာတွေလည်းများမှာပါ။ စစ်ဘောင်က ကျယ်လာဦးမှာပါ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here