မကွေး၊ ယောအခြေစိုက် YDF တပ်က ရခိုင်တွင် AA နှင့်အတူ တိုက်ပွဲဝင်

0
251
Photo - ရက္ခိုင့်တပ်တော် (AA)

မကွေးတိုင်း၊ ယောကာကွယ်ရေးတပ် – YDF သည် ရခိုင်ပြည်နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော် AA နှင့်အတူ တိုက်ပွဲဝင်နေတယ်လို့ YDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ယောကာကွယ်ရေးတပ် – YDF သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယအပတ်က ကျောက်တော်မြို့နယ် တောင်ရှည်တောင် ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုသည်။

“မကြာသေးခင်ကမှ ကျွန်တော်တို့ယောဒေသက စစ်ကောင်စီပွိုင့်ကုန်းတွေကို သိမ်းခဲ့တာတွေရှိတယ်။ စစ်ကောင်စီ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ ရှိတယ်။ ရန်သူဘက်က အင်အားအများအပြားနဲ့လာလို့ သုံးပတ်လောက် အချိန်ကြာအောင် တိုက်ခိုက်ခဲ့ရတာတွေ ရှိတယ်။ ဆက်ပြီးတော့လည်း မဟာမိတ်တွေနဲ့အတူ အောင်ပွဲတွေရအောင် တိုက်ခိုက်သွားမယ်” လို့ YDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒါ့အပြင် စစ်ရေးအခြေအနေမှာ ယခင်ထက် ပိုမိုပြင်းထန်လာတဲ့အတွက် ပြည်သူတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်ချမ်းရေးရရှိအောင် အစွမ်းကုန် တိုက်ပွဲဝင်သွားမယ်လို့လည်း အဆိုပါတာဝန်ခံက ဆက်ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကို YDF တဖွဲ့တည်း တိုက်ခိုက်နေတာထက် ပူးပေါင်းတိုက်ခိုက်ပါက အချိန်တိုအတွင်း အောင်ပွဲရနိုင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကို နမူနာယူပြီး မဟာမိတ်အဖွဲ့အစည်းတွေနှင့်အတူ နေရာဒေသမရွေး ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲနေတာဖြစ်ကြောင်း YDF ထံမှ သိရသည်။

တောင်ရှည်တောင် ဗျူဟာကုန်း၌ စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်ရှိပြီး တိုက်ပွဲမှာ ၃ ပတ်လောက်ကြာခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်တွင် ရက္ခိုင့်တပ်တော်နှင့် ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ရေးအတွေ့အကြုံရရှိအောင် တိုက်ပွဲဝင်ခွင့်ပေးခဲ့သည့် ရက္ခိုင့်တပ်တော် AA ကို YDF က ကျေးဇူးတင်ကြောင်းလည်း သီးခြားထုတ်ပြန်ထားသည်။

ယောကာကွယ်ရေးတပ် – YDF သည် ယောဒေသက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရန်နှင့် တစ်နိုင်ငံလုံး စစ်ကျွန်ဘဝ လွတ်မြောက်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ဒေသခံလူငယ်တွေက ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here