လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်းက နှစ်ပတ်အတွင်း နေအိမ် ၁၅၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့

0
259
Photo-CJ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် နှစ်ပတ်အတွင်း နေအိမ် ၁၅၀ လုံး နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ထိုနေအိမ်များအတွင်းရှိ တန်ဖိုးရှိပစ္စည်းများကိုလည်း ဖောက်ထွင်းယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့ ကနေ ဇန်နဝါရီ ၈ ရက်နေ့ အထိ နှစ်ပတ်ကြာအတွင်း စစ်ကောင်စီစစ်ကြောင်း သည် ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ ၇ ရွာရှိ နေအိမ် ၁၅၀ နီးပါးကို မီးရှို့ဖျက်ဆီး ကျုးလွန်ခဲ့ခြင်း ဖြစ်ပါသည်။

စစ်ကောင်စီတပ်က ညောင်ပြင်ကျေးရွာက နေအိမ် ၁၀၀ နီးပါး၊ အောက်ကျောက်ဝပ် ကျေးရွာက နေအိမ် ၂၀ ကျော်၊ ဟင်းချိုတော၊ စစ်ပြဲ၊ လေးသွန်းခံ၊ သံလျှင်နှင့် သကျက်တောကျေးရွာတို့က နေအိမ် ၃၀ နီးပါး ကို မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီ စစ်ကြောင်းဟာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ခင် နေအိမ်အတွင်းရှိ ရွှေ၊ ငွေ၊ ဆိုင်ကယ်နှင့် တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းယူဆောင်သွားသည်ဟုလည်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့ က စပြီး ဝေဒီ၊ ကညုံကျွန်း၊ ပြင်ထိန်းကျေးရွာတို့ ကနေ ကုန်းလမ်း၊ ရေးလမ်းဖြင့် စစ်ကြောင်းထိုးဝင်လာခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ချိန် ရောက်ရှိခဲ့သော ကျေးရွာများမှ တွေ့ရှိသမျှ ဒေသခံတွေကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရွာအရောက်တွင်မှ ပြန်လွှတ်ပေးခြင်းကို လုပ်ဆောင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် လောင်းလုံးမြို့နယ်ထဲ ဝေဒီ၊ ကညုံကျွန်း၊ ပြင်ထိန်း၊ စစ်ပြဲ၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန်၊ လေးသွန်းခံ၊ ညှင်းမော်၊ ကဒက်ကြီး၊ သပြေရှောင် အပါအဝင် ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ISP Myanmar ၏ အချက်အလက်များအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းတွင် နေအိမ် ၈၆၀၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးအပတ်က ထုတ်ပြန်ထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here