“အားလုံး ‘၁၀၂၇ စစ်ဆင်ရေး’ စတဲ့နေ့က စပြီး ၇၂ ရက်တိုင်တိုင် ကျမတို့က အဲ့မှာ ကြံ့ကြံ့ခံတိုက်ပြီးတော့ ဒီ စကခ-၁၆ ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တာပါ။ ဇန်နဝါရီ ၆ ရက်နေ့မှာ GE တပ်တွေ၊ ဆေးတပ်တွေနဲ့ ကျန်တဲ့တပ်တွေကပေါ့နော် အကုန်လက်နက်တွေ ပစ်ထားခဲ့ပြီးတော့ တင့်ကားတွေ ပစ်ထားခဲ့ပြီးတော့ သူတို့ဆုတ်ပြီး ထွက်ပြေးကြတယ်” ရဲဘော်နီနီကျော်/ PLA အထွေထွေအတွင်းရေးမှူး

0
384
ပုံစာ - ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တချို့။

သိန္နီမြို့သိမ်းတိုက်ပွဲနှင့် စခန်းသိမ်းတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူရဲဘော်နီနီကျော်နှင့် ဆက်သွယ်မေးမြန်းချက်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် “၁၀၂၇ စစ်ဆင်ရေးÓတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ သျှမ်းမြောက်ဒေသအတွင်း တိုက်ပွဲဆင်နွှဲလျက် ရှိသည်။ ‘၁၀၂၇ စစ်ဆင်ရေး’ ကနဦး အစကတည်းက သိန္နီမြို့သိမ်းတိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး လားရှိုး-သိန္နီအကြား အကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာပြီးနောက် ပြည်သူလူထုကို တဖန်ပြန်လည် သတိထားမိလာစေသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသော နွေဦးတော်လှန်ရေးအဖွဲ့များနှင့်အတူ စစ်ကိုင်းတိုင်းနှင့် သျှမ်းမြောက်တို့တွင် တိုက်ပွဲဝင်လျက်ရှိသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က သျှမ်းမြောက်တွင် စစ်ကောင်စီတပ်ကိုဆင်နွှဲနေသည့် Ò၁၀၂၇ စစ်ဆင်ရေးÓအတွင်း သိန္နီစစ်မျက်နှာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ အဓိက တာဝန်ယူတိုက်ခိုက်နေရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တပ်မဟာ-၆၁၁ နှင့်အတူ တပ်ရင်း ၂ ရင်းဖြင့် ပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့က သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆ ကို ညီနောင်မဟာမိတ် တပ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သိန္နီမြို့သိမ်းတိုက်ပွဲနှင့် စခန်းသိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်အား ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဇန်နဝါရီလဆန်းပိုင်းက ပြန်စတင်ခဲ့တဲ့ သိန္နီမြို့တိုက်ပွဲအခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ သိန္နီမြို့သိမ်းတိုက်ပွဲက “၁၀၂၇ စစ်ဆင်ရေး’ စကတည်းက သိမ်းလိုက်တာ။ အောက်တိုဘာ ၂၇ ရက်နေ့ ပေါ့နော်။ မနက် ၄ နာရီလောက်ကနေ စပြီးတော့ တိုးဂိတ်တွေကို ဝင်ပြီးသိမ်းတယ်။ နောက်ရက်တွေမှာ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့၊ တစ်ခါတည်း တစ်မြို့လုံးကို သိမ်းလိုက်တယ်။ အဲ့ကတည်းကို စပြီးသိမ်းတာ။ ‘၁၀၂၇ စစ်ဆင်ရေး’ မှာ အရင်ဆုံးသိမ်းတဲ့ မြို့ ၂ မြို့ကို ပြောပါဆိုရင် သိန္နီနဲ့ ချင်းရွှေဟော် အဲ့ဒါအရင်ဆုံးသိမ်းတာပါ။

အဲ့ဒီမြို့သိမ်းပြီးတဲ့နောက်မှာ သိန္နီမြို့ရဲ့အထွက် လားရှိုးဘက်ကို ထွက်တဲ့ဘက်မှာ စကခ-၁၆ ဧရိယာရှိတယ်။ ကောင်းဟော်ရွာနဲ့ ကပ်လျက်ပေါ့နော်။ သူတို့ (စစ်ကောင်စီ)က နေပြီးတော့ ကောင်းဟော်ရွာထဲမှာ တပ်စွဲ ထားတယ်။ အဲ့ဒါကို ‘၁၀၂၇ စစ်ဆင်ရေး’ စတဲ့နေ့မှာ အဲ့ဒီကိုတိုက်လိုက်တော့ သူတို့ပြန်ဆုတ်သွားတယ်။ နောက်ကျတော့ စကခ-၁၆ ဧရိယာထဲကနေ ပြန်ထွက်လာပြီးတော့ ကောင်းဟော်ရွာထဲကို ဝင်ဖို့ကြိုးစားတယ်။

အဲ့တော့ PLA ရဲဘော်တွေက ကောင်းဟော်ရွာရဲ့ အစပ်ကနေ သူတို့ကို ဟန့်တားတယ်။ အပြန်အလှန်တွေ တိုက်ကြတယ်။ တိုက်ကြတော့ နောက်ပိုင်း သူတို့က ကောင်းဟော်ရွာထဲကို ဝင်လာလို့ ရသွားတယ်ပေါ့။ ဝင်လာလို့ ရတယ်ဆိုတော့ ၃ ပုံ ၁ ပုံလောက်တော့ အဲ့စကစတွေက သိမ်းမိသွားတယ်။ နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားပြောတဲ့အချိန်မှာ ခဏလေး ရပ်သွားတယ်။ ရပ်သွားတဲ့အချိန်မှာ သူတို့က နေရာယူမှုတွေ၊ ရိက္ခာ ဖြည့်တင်းမှုတွေ၊ ခဲယမ်းဖြည့်တင်းမှုတွေ ထပ်လုပ်တယ်။ လုပ်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတဲ့အချိန် ပြန်စပြီးတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က တပ်တွေက ကောင်းဟော်ရဲ့ ၃ ပုံ ၂ ပုံလောက်ကို သူတို့က သိမ်းမိသွားတယ်။ သိမ်းမိသွားတော့ ကျမတို့ ရဲဘော်တွေက နောက်ကို နည်းနည်းဆုတ်တော့ သိန္နီ-နမ္မတူချောင်းတံတား ထိပ်နားလောက်တွေရယ်၊ ရွာနဲ့နီးတဲ့ အဲ့နားတဝိုက်တွေရယ်မှာ တပ်စွဲထားတယ်။ တပ်စွဲထားတော့ ကောင်းဟော်နဲ့ ဖြစ်တဲ့တိုက်ပွဲက အောက်တိုဘာ ၂၉/၃၀ လောက်ကနေ စပြီးဖြစ်တာ။

စပြီးဖြစ်တဲ့အခါကျတော့ ပထမတုန်းက နှစ်ရက်သုံးရက်လောက်အထိ ရွာမှာရွာသားတွေက ရှိသေးတယ်။ နောက်ပိုင်းကျတော့ သူတို့က တင့်ကားတွေနဲ့ရော ဝင်လာတယ်၊ လေယာဉ်တွေ ဗုံးကြဲတယ်။ အမြောက်တွေ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါကျတော့ ရွာသားတွေက မနေရဲဘဲနဲ့ ထွက်ပြေးကုန်ကြတယ်။ အဲ့တော့ PLA ရဲဘော်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုက MNDAA တပ်နဲ့၊ ဒရုန်းတပ်ဖွဲ့နဲ့ ကြံကြံခံပြီးတော့ သူတို့ကို ပြန်တိုက်တယ်။

အဲ့ဒါဆိုတော့ Ò၁၀၂၇ စစ်ဆင်ရေးÓ စတဲ့အချိန်ကနေပြီး တွက်မယ်ဆိုရင် အခုဆိုရင် ရက်ပေါင်း ၄၀/၅၀ လောက် သူတို့နဲ့ ကောင်းဟော်ရွာထဲမှာပဲ အပြန်အလှန်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ်။ မရေတွက်နိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိတယ်။ အမြောက် လက်နက်ကြီးမျိုးစုံ ဗုံးမိုးတွေ ရွာချသလိုပေါ့နော် အဲ့လိုမျိုးတွေ ရွာချတယ်။

မေး။ ။ သိန္နီမြို့ စကခ-၁၆ ကို သိမ်းပိုက်နိုင်ပြီဆိုတော့ အလုံးစုံသိမ်းပိုက်နိုင်ပြီလို့ ပြောနိုင်ပြီလား။

ဖြေ။ ။ အဲ့ကြားထဲမှာ ကြံ့ကြံ့ခံပြီး တိုက်ပြီးတော့ အခု ဒီဇန်နဝါရီ ၁ ရက်နေ့ကျမှ ပြန်ပြီးထိုးစစ်ဆင်တာ။ ထိုးစစ်ပြန်ဆင်တဲ့အခါကျတော့ အဲ့နမ္မတူချောင်း တံတားထိပ်နေရာကနေပြီးတော့ အဲ့ထိပ်နားမှာ တပ်စွဲထားတဲ့ တပ်နဲ့တခါ တိုက်ပွဲပြန်ဖြစ်၊ ဖြစ်ပြီး တစ်ရက်နှစ်ရက်လောက်တိုက်ပြီး နိုင်သွားတော့ ကောင်းဟော်ရွာထဲကို ဆက်ပြီး ရှင်းလင်းရေးလုပ်တယ်။ အဲ့မှာ ခရစ်ယာန်ဘုရားကျောင်းတွေမှာလည်း သူတို့တပ်စွဲထားတာရှိတယ်။ နောက်ပြီး ၅ ထပ်တိုက် အမြင့်ကြီးတွေမှာ သူတို့တပ်စွဲထားတယ်ပေါ့နော်။ အဲ့ဒါကြောင့် သူတို့တွေကို တစ်တိုက်ပြီးတစ်တိုက် ရှင်းလင်းရေးတွေဝင်ရင်းနဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ ကောင်းဟော်ကို အကုန်လုံး သိမ်းလို့ ရသွားတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ စကခ-၁၆ ထဲကို ဝင်စီးတယ်။ ခလရ-၆၉ ကိုလည်း ၄/၅ ရက်နေ့လောက်မှာ သိမ်းမိသွားတယ်။

လက်နက်ဂိုဒေါင်တွေ သိမ်းတယ်။ ပြီးတော့ ဌာနချုပ်တို့ တခြားနေရာတွေပါ ဆက်တိုက် သိမ်းတာပေါ့နော်။ အဲ့လိုသိမ်းတဲ့အခါမှာ နောက်ပိုင်းကျတော့ KNDF က တပ်ကူလာတယ်။ တပ်ကူလာတော့ အမြောက်ကုန်းတွေကို သူတို့ဝိုင်းသိမ်းတယ်။ သိမ်းတာတွေ တိုက်တာတွေရှိတယ်၊ သူတို့လဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တယ်။ နောက် ကျမတို့ဘက်က ဒရုန်းတပ်ဖွဲ့တွေ ရှိတယ်။ နောက် MNDAA ဘက်ကလည်း နောက်ထပ် တပ်ရင်းတပ်ကူတွေ ရောက်လာတယ်။ ရောက်လာပြီး တိုက်တော့ စကခ-၁၆ ထဲမှာ ရှိတဲ့ လေယာဉ်ကွင်းတွေ၊ လက်နက်ဂိုဒေါင်တွေ၊ အမြောက်တွေ၊ တင့်ကားတွေ အားလုံးသိမ်းမိပြီးတော့ ဆေးတပ်တို့၊ အင်ဂျင်နီယာတပ်တို့၊ ဆက်သွယ်ရေး၊ ဆေးရုံအကုန်လုံးပေါ့နော် ခလရ-၆၉ တို့ တပ်ပေါင်းစုံပေါ့နော်၊ အကုန်လုံးကို အလုံးစုံ သိမ်းမိတာက ၇ ရက်နေ့ မနက် ၉ နာရီမှာ အလုံးစုံ သိမ်းမိသွားတယ်။

မေး။ ။ သိန္နီမြို့နယ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေနဲ့ ညီနောင်မဟာမိတ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတာတွေကို သိသင့်သလောက်ပြောပြပေးနိုင်မလား။

ဖြေ။ ။ သိန္နီမြို့သိမ်းတိုက်ပွဲက ‘၁၀၂၇ စစ်ဆင်ရေး’ စစချင်းနေ့မှာ သိန္နီမြို့ကို သိမ်းလိုက်တယ်ပေါ့နော်၊ နောက်တစ်ခုက ချင်းရွှေဟော်ပေါ့နော်။ အဲ့ဒီ ‘၁၀၂၇ စစ်ဆင်ရေး’ အစဦးဆုံး သိမ်းတဲ့မြို့က သိန္နီနဲ့ ချင်းရွှေဟော်ပဲ ဖြစ်တယ်။ အဲ့ဒီ သိန္နီစစ်မြေပြင်မှာပေါ့နော် ကျမတို့ PLA ရဲဘော်တွေက အဓိက မြေပြင်မှာ တာဝန်ယူပြီးတော့ တိုက်ခိုက်တယ်။ အဓိက ပူးတွဲတိုက်တာကတော့ MNDAA တပ်ပေါ့နော်။ နောက် ဒရုန်းတပ်ဖွဲ့တွေ ရှိတယ်။

အခု ဒီ စကခ-၁၆ ကို ပြန်ပြီး ထိုးစစ်ဆင်တိုက်တာကတော့ ဇန်နဝါရီ ၁ ရက်နေ့ကနေ စပြီး တိုက်တာ ၇ ရက်နေ့မှာ အလုံးစုံ သိမ်းလို့ရသွားတယ်။ တစ်ပတ်အတွင်းပေါ့နော်။ အဲ့အချိန်မှာ တပ်ကူက KNDF ပါတယ်၊ နောက်ထပ် MNDAA က တပ်အင်အားဖြည့်တာရှိတယ်၊ အဲ့ဒါတွေနဲ့ ပေါင်းပြီးတိုက်တာ။ အဲ့တော့ Ò၁၀၂၇ စစ်ဆင်ရေးÓ စတဲ့ အချိန်ကနေ စပြီးတော့ အခုစကခ ဧရိယာကြီးတစ်ခုလုံး စစ်ကောင်စီတပ်တွေ အားလုံးဆုတ်ခွာသွားတဲ့အထိဆို အားလုံး ၇၂ ရက်လောက် ကြာတယ်။

အပြန်အလှန် တိုက်ပွဲတွေ၊ နေ့တိုင်း လေယာဉ်ဗုံးကြဲတာတွေ ကင်းထောက်တာတွေ လက်နက်ကြီးမျိုးစုံ ပစ်တာတွေ၊ တခါတလေကျရင် တိုက်ပွဲအရမ်းပြင်းထန်လာရင် တင့်ကားတွေနဲ့လည်း ပစ်တယ်။ ကောင်းကင်ပေါ်က လေယာဉ်နဲ့ ဗုံးကြဲတာတွေ ကင်းထောက်တာတွေ လုပ်တယ်။ သူတို့မြေပြင်က ဘုရားကျောင်းမှာ တပ်စွဲထားတဲ့တပ်တွေက လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတယ်။ ဘက်စုံ ဝိုင်းထိုးတာပေါ့။ အရှေ့က တိုက်တာရှိတယ်၊ အနောက်က ပြိုင်တူညှပ်တိုက်တာရှိတယ်၊ ဘေးကတိုက်တာ ရှိတယ်၊ အစုံပေါ့နော်။ ကျမတို့တပ်တွေကို ညှပ်ပူးညှပ်ပိတ်ဖြစ်အောင် သူတို့တိုက်တာပေါ့နော်။ လေယာဉ်တွေနဲ့ အဆက်မပြတ် ကင်းထောက်၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲ အဲ့လိုမျိုးတွေ မျိုးစုံလုပ်တာပေါ့နော်၊ အပြင်းအထန်ပေါ့။ အားလုံး ‘၁၀၂၇ စစ်ဆင်ရေး’ စတဲ့နေ့က စပြီး ၇၂ ရက် တိုင်တိုင် ကျမတို့က အဲ့မှာ ကြံ့ကြံ့ခံ တိုက်ပြီးတော့ ဒီ စကခ-၁၆ ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တာပါ။

ဇန်နဝါရီ ၆ ရက်နေ့မှာ GE တပ်တွေ၊ ဆေးတပ်တွေနဲ့ ကျန်တဲ့တပ်တွေကပေါ့နော် အကုန်လက်နက်တွေ ပစ်ထားခဲ့ပြီးတော့ တင့်ကားတွေ ပစ်ထားခဲ့ပြီးတော့ သူတို့ဆုတ်ပြီး ထွက်ပြေးကြတယ်။ အဲ့ရဲဘော်တွေကို ကျမတို့ (PLA ) ရဲဘော်တွေက လိုက်ပြီး တိုက်ကြတယ်။ လိုက်တိုက်ကြတော့ သူတို့ အဲ့ ၁၄ မိုင် ၁၅ မိုင် ဘက်အထိ အဲ့မှာ တံတားရှိတယ်၊ အဲ့ဘက်နားအထိ ရောက်အောင် တိုက်ထုတ်လိုက်တယ်။ ဒီ စကခ-၁၆ ထဲက စစ်ကောင်စီ တပ်တွေပေါ့နော်၊ ဒီတပ်တွေက သိန္နီမြို့ထဲကိုဝင်ဖို့ သူတို့နေ့စဉ်နဲ့အမျှ ကြိုးစားတယ်။ နေ့စဉ်နဲ့အမျှ ကြိုးစားတဲ့ အခါကျတော့ ကျမတို့ ရဲဘော်တွေက သူတို့ဝင်လာမှာစိုးလို့ ဆိုပြီးတော့ ကာတာပေါ့နော်။ ကာပြီးတိုက်တဲ့ အခါကျတော့ သူတို့လည်း နည်းမျိုးစုံတွေ သုံးပြီးတော့ ဝင်ဖို့ကြိုးစားတဲ့အခါမှာ တိုက်ပွဲကနေ့စဉ်နဲ့အမျှဖြစ်တာ။ အားလုံးပေါင်း ၇၂ ရက် ရှိပြီပေါ့။ Ò၁၀၂၇ စစ်ဆင်ရေးÓ စကတည်းက အခုချိန်ထိ အလုံးစုံသိမ်းပိုက်ရတာဆိုရင် ၇၂ ရက် ဖြစ်သွားပြီ။ အဲ့အတွင်းကျမှ သူတို့ကို အကုန်ရလိုက်တာ။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားပြောနေတဲ့ ၇ ရက်အတွင်းမှာလည်း သူတို့ (စစ်ကောင်စီတပ်) က စစ်ပြင်ဆင်တာတွေ၊ ကြိတ်ပြီးတော့ လုပ်တာတွေရှိတယ်။ တကယ်တိုက်ပွဲ စတဲ့အခါကျတော့ သူတို့ကတစ်ခါ အသာစီးတွေယူပြီးတော့ တိုက်လာတဲ့အခါကျတော့ ကျမတို့ဘက်က ဆုတ်ပေးရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ အခုတော့ ထိုးစစ်ပြန်ဆင်ပြီးတော့ သိမ်းနိုင်သွားတာပေါ့။

မေး။ ။ ကောင်းဟော်ရပ်ကွက်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးမှု မှတ်တမ်းဓာတ်ပုံတွေရော ထုတ်ပြန်ဖို့ရှိလား ဒါမှမဟုတ် ရနိုင်မလားဗျ။

ဖြေ။ ။ ကျမတို့ ဓာတ်ပုံတွေ စုနေတယ်။ ပြန်တင်မယ်ပေါ့။ လိုင်းက မကောင်းတဲ့အခါကျတော့ တချို့ပုံတွေက စုဆောင်းရ ခက်နေတယ်။ ထုတ်ပြန်ဖို့ ရှိပါတယ်။

မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ အခုလို ဖြေကြားခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ကျေးဇူးတင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here