ဗန်းမော်၊ မံစီမြို့ စီအူကျေးရွာကို စစ်ကောင်စီလာရောက်ဗုံးကြဲတိုက်ခိုက်

0
288
Photo - မံစီ၊ စီအူကျေးရွာမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာ။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် စီအူကျေးရွာရှိ မင်္ဂလာဆောင်ပြုလုပ်နေသည့် လူစုလူဝေးနေရာကို စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စီအူကျေးရွာခံများက ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၁၀ အချိန်ခန့်၌ စီအူကျေးရွာရှိ ရွာဘုန်းကြီးကျောင်း ခန်းမဆောင်အတွင်း မင်္ဂလာဆောင်ပွဲ ပြုလုပ်နေချိန် ဘုန်းကြီးကျောင်းဝင်းအထဲ လာရောက်ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ စီအူ ဒေသခံတစ်ယောက်က ပြောသည်။

“ဘုန်းကြီးကျောင်းနဲ့ ခန်းမဆောင်ကြားက အိမ်သာမှာ လာကျတယ်။ ပြီးတော့ အဲက ဗုံးစတွေက ခန်းမဆောင်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြန်လာထိတယ်။ တစ်ယောက်ကတော့ လက်မှာထိတယ်၊ နောက်တစ်ယောက်ကတော့ ပေါင်မှာထိတယ်။ ကြက်နဲ့ခွေးတွေတော့ သေတာတွေ ရှိတယ်” လို့ ၎င်းက ပြောသည်။

ဒါ့အပြင် ဗုံးသီးကျမှန်ခဲ့သည့် ခန်းမဆောင်အနောက်ဘက်ခြမ်းနဲ့ အိမ်သာများ တစ်စစီပျက်စီးသွားပြီး အပြင်မှာ ရှိနေသည့် ကြက်နဲ့ ခွေးတချို့လည်း သေဆုံးမှုရှိခဲ့တယ်လို့ သိရသည်။

စီအူဒေသသည် သီးခြားဒေသလို နယ်မြေတည်ငြိမ်သည့် ဒေသတစ်ခုဖြစ်ပြီး အခုလို စစ်ကောင်စီဘက်ကနေ လာရောက် ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က အခုလိုပြောဆိုသည်။

“အဲမှာက သူတို့က တမင်သက်သက်လာပစ်တာ။ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ပစ်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲမှာကစစ်ရောမဖြစ်တဲ့နေရာ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘူးလေ” လို့ ၎င်းက ပြောပါသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုခံရသော စီအူကျေးရွာတွင် အိမ်ခြေတစ်ရာကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး တိုင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် ကျေးရွာဒေသတစ်ခုလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here