လားရှိုးမြို့၊ မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦး သေဆုံး

0
277

သျှမ်းပြည်၊ လားရှိုးမြို့နယ်ရှိ မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသခံများက ပြောသည်။

“မနေ့ညက ၇ နာရီကျော်မှာ လေယာဉ်နဲ့ လာပစ်တာ။ ဗုံးကျတာ မိုင်းယော်ထဲက ဈေးတန်းရပ်ကွက်မှာ ကျတာ။ သေသွားတာကတော့ ၄ ယောက်ရှိတယ်” ဟု မိုင်းယော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးကို မိုင်းယော် တိုက်နယ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီး ပြည်သူနေအိမ် ၂၀ လုံး ထက်မနည်း ထိခိုက်ပျက်စီး သွားသည်ဟု မိုင်းယော်ဒေသခံများက ပြောသည်။

“ဈေးတန်းရပ်ကွက်မှာ အိမ်တွေလည်း အများကြီး ပြိုတယ်။ ဗုံးကျတဲ့နေရာနဲ့ အနီးတဝိုက်က အိမ်တွေတော့ လုံးဝကို ပျက်စီးသွားတယ်။ မနေ့ကတော့ ဘာတိုက်ပွဲမှမရှိဘဲ လေယာဉ်နဲ့ ဗုံးလာချတာ၊ ၃ ခါ လာပစ်တယ်။ အိမ်ခြေ ၂၀ ထက်မနည်း ထိခိုက်ပျက်စီးတာပေါ့” ဟု မိုင်းယော်ကျေးရွာမှ အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး ထက်မနည်း ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း မိုင်းယော်ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လခွဲ ကာလအတွင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁၃ ဦးနှင့် ကလေး ၁ ဦးအပါအဝင် စုစုပေါင်း ၂၂ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးမြို့ ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here