ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်များ နေ့စားအလုပ်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းကြရ

0
236

ဒေသတွင်းတိုက်ပွဲများကြောင့် ရှမ်းပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသည့် ကရင်နီစစ်ရှောင်များသည် ရေရှည်တွင် စားဝတ်နေရေးအတွက် နေ့စားအလုပ် လုပ်ကိုင်ကြသူများ ရှိသလို၊ ဈေးရောင်းပြီး ရသည့်အမြတ်ငွေဖြင့် ဖြေရှင်းနေထိုင်ကြရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေနှင့် စစ်ရှောင်များက ပြောသည်။

ဆီဆိုင်မြို့နယ်မှ စစ်ရှောင်အရေးကူညီသူတဦးက “နေ့စားတော်တော်များများ လိုက်ကြတယ်။ လုပ်နိုင်တဲ့သူ ဆိုရင်တော့လေ နဂိုကလည်း ခြံယာလယ်ယာလုပ်ငန်း လုပ်တဲ့သူဆိုရင် ဒီဘက်ရောက်ရင် နေ့စားပြန်လိုက်လို့ ရတယ်ပေါ့။ တစ်ရက် တသောင်းကျော်လောက် ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဖြေရှင်းလို့ရတာပဲ။ ဒါပေမယ့် နေရာတိုင်းတော့ မရနိုင်ဘူး အလုပ်ကမရှိနိုင်ဘူး” ပြောသည်။

စစ်ရှောင်တချို့မှာ လက်လှမ်းမီသလောက် ရသလောက်ဖြင့် ဈေးရောင်းဈေးဝယ် လုပ်ကိုင်ရာတွင် ဒေသခံများလောက် ဝယ်ယူသူ ဖောက်သည်မရှိတာကြောင့် အရောင်းအဝယ် ပါးပါးလောက်သာ ရောင်းချ လုပ်ကိုင်နေကြရကြောင်းနှင့် လက်ရှိရာသီကုန်အပြီး လကုန်ပိုင်းချိန်လောက်တွင် ပြောင်းချိုးကြရသည့် နေ့စားအလုပ်ကို လုပ်ကိုင်ကြရတော့မှာဖြစ်တယ်လို့ အဆိုပါစစ်ရှောင်အရေးကူညီသူက ဆက်ပြောသည်။

စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားသောက်ရိက္ခာ လိုအပ်ချက် ပိုမြင့်မားလာပြီး စားသောက်ရိက္ခာ ပြတ်လပ်သည့် စစ်ရှောင်စခန်းလည်း ရှိတယ်လို့ စစ်ရှောင်အရေးကူညီသူတွေ ဆိုသည်။

စစ်ရှောင်များမှာ လက်ရှိတွင်လည်း စားသောက်ရိက္ခာများအပြင် စောင်၊ အနွေးထည်၊ ဆေးဝါး၊ အိမ်သာ၊ သောက်သုံးရေ စသည်များလည်း လိုအပ်နေသော်လည်း အလှူရှင်မရှိတာကြောင့် မထောက်ပံ့နိုင်သေးကြောင်း စစ်ရှောင်အရေးကူညီသူတွေ ပြောဆိုသည်။

ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်အများစုသည် ဘာသာရေးကျောင်းများတွင် နေထိုင်ကြတာဖြစ်ပြီး အသိမိတ်ဆွေတချို့၏ ခြံဝန်းများတွင် တဲထိုးနေထိုင်ကြသူများ ရှိသလို အိမ်ငှားရမ်းနေထိုင်သူများလည်း ရှိတယ်လို့ ရှမ်းပြည်၊ တောင်ကြီး၊ အေးသာယာမြို့တွင် စစ်ရှောင်နေသည့် လွိုင်ကော်ဒေသခံတဦးက ပြောသည်။

“အိမ်ငှားခ စျေးအရမ်းကြီးတာသိပေမဲ့ ရောဂါသည် သက်ကြီးသူတွေပါနေတော့ ဘုန်းကြီးကျောင်းလိုနေရာမှာ နေလို့ကြ အဆင်မပြေပြန်ဘူး။ အိမ်ကနေလည်း ဘာမှမသယ်လာနိုင်တော့ အိုးခွက်တွေကအစ ပြန်ဝယ်နေရတော့ အတော်လေးကို ခက်ခဲပါတယ်ဗျာ” လို့ လွိုင်ကော်စစ်ရှောင်တစ်ဦးက ပြောသည်။

နေရာထိုင်ခင်းပေါ်မူတည်ပြီး အိမ်ငှားခမှာ ၅ သောင်း၊ ၈ သောင်း၊ ၁ သိန်း၊ ၂ သိန်း စသည့် ဈေးနှုန်းအသီးသီး ရှိကြပြီး ၃ လ၊ ၆ လ စသဖြင့် စာချုပ်ချုပ်ဆိုပြီး နေထိုင်ရတယ်လို့ စစ်ရှောင်များထံမှ သိရသည်။

“အိမ်ငှားခက တချို့ကပေးရတယ်။ တချို့က မပေးရဘူး၊ ဒီတိုင်းပေးနေတာ ရှိတယ်။ တချို့ကျတော့ နေရာပေါ်မှာ မူတည်တယ်။ နေရာကောင်းရင်ကောင်းသလို ပိုက်ဆံပိုပေးရတာပေါ့လေ။ နေရာမကောင်းရင်တော့ မကောင်းသလိုပဲပေါ့၊ အဲ့လိုအခြေအနေတော့ ရှိတယ်။ တချို့က အလကားပေးနေတဲ့သူရှိတယ်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါသည်။

စစ်ရှောင်တချို့မှာ စားဝတ်နေရေးအတွက် တအိမ်တက်တအိမ်ဆင်းပြီး အစားအသောက် ရောင်းချကြသူလည်း ရှိတယ်လို့ စစ်ရှောင်သူများက ပြောသည်။

အေးသာယာမြို့၌ စစ်ရှောင်နေသူတဦးက “ မုန့်ဟင်းခါးလေး လုပ်ရောင်းကြည့်တာ ၃ ပွဲလား ကုန်တယ်။ စိတ်ဓါတ်တွေ အရမ်းကျတယ်။ ကိုယ့်မြို့ကိုယ့်ရွာပဲ ပြန်နေချင်တော့တယ်” လို့ ပြောသည်။

ကရင်နီပြည်နှင့် ရှမ်း-ကရင်နီ နယ်စပ်က စစ်ရှောင်များသည် ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး၊ ကလော စသည့် မြို့နယ်အသီးသီးတွင် အများစုစစ်ရှောင်နေကြပြီး စစ်ရှောင်နေထိုင်သူဦးရေ ၅ သောင်း ဝန်းကျင် ရှိနိုင်တယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ခန့်မှန်းထားကြသည်။

စစ်ရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိဖို့ မျှော်လင့်နေပြီး ဒေသခံ အသင်းအဖွဲ့တွေနှင့် ချိတ်ဆက်ဆောင်ရွက်ပေးဖို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက တောင်းဆို ထားကြသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here