စစ်တွေတွင် အရပ်သားပြည်သူ ၆၀ နီးပါးကို စစ်ကောင်စီ အင်အားသုံးဖမ်းဆီးသွား

0
358

ဇန်နဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်၊ စစ်တွေမြို့တွင် အရပ်သားပြည်သူ ၆၀ နီးပါးကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်တွေမြို့နယ်၊ သုံးဆောင်ကျေးရွာမှ ၄၀ ဦးခန့်နှင့် BXT ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်နေသူများ အပါအဝင် ၂၀ ဦး ခန့်ကို ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

“ဆတ်ရိုးကျရပ်ကွက်ကို ပထမဆုံးဝင်စစ်တယ်။ စစ်ကား သုံးစီးပါတယ်။ ဗျိုင်းဖြူရွာဘက်ကတော့ မဖမ်းသွားဘူး။ သုံးဆောင်ရွာက လူတွေကို ဖမ်းသွားတယ်” ဟု သုံးဆောင်ကျေးရွာမှ မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်သည် စစ်ကားသုံးစီးဖြင့် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နှင့် သုံးဆောင်ကျေးရွာကို ဝင်ရောက်ပြီး ၎င်းတို့မသင်္ကာသူများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်၊ ရွှေမင်းဂံဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေသူများဟု သုံးဆောင်ရွာမှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့လာတဲ့လမ်းကြောင်းမှာ တွေ့တဲ့သူကို နာမည်မေးတယ်။ စစ်ဆေးတယ်။ ပြီးတော့ ကားပေါ်တင်သွားတာ။ ဘယ်နေရာကိုခေါ်သွားလဲ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ယင်းနေ့တွင်ပင် စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေသူများနှင့် မြို့နယ်အသီးသီးမှ ဈေးလာဝယ်သည့် ဒေသခံစုစုပေါင်း ၂၀ ခန့်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။

စစ်တွေမြို့မှ သဗ္ဗာန်ကူးတို့သည်တစ်ဦးက “နယ်ဘက်က ဈေးလာဝယ်သူတွေကိုပါ ဖမ်းသွားတယ်။ စစ်ကောင်စီနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းကြတာ။ စစ်တွေမှာ စစ်သားတွေထက် ALP တပ်ဖွဲ့ဝင်တွေကို ပိုကြောက်နေရတယ်” ဟု ပြောသည်။

ALP တပ်ဖွဲ့က စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဒေသခံများအား ဖမ်းဆီးနေသည် ပြောဆိုချက်နှင့် ပတ်သက်၍ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းကို ဆက်သွယ်ခဲ့ရာတွင် “ ဆရာမကြီး အလုပ်များနေတယ်။ ဒီကိစ္စကို အားတဲ့အချိန်မှာ ပြန်ဆက်သွယ်ပေးပါမယ်” ဟု ၎င်း၏ ကိုယ်ရေးအရာရှိ PSO က တုန့်ပြန်ပြောသည်။

ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စစ်ကောင်စီ၏ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အတွင်းရေးမှူးရုံး ပြောခွင့်ရသူ ဗိုလ်မှူးခိုင်သူရိန်က ၂၀၂၃ ခုနှစ် ဇူလိုင်လက ပြောဆိုထားသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှ စ၍ စစ်ကောင်စီသည် ရခိုင်ဒေသခံများကို နေ့စဉ်နှင့်အမျှ လိုက်လံ ဖမ်းဆီးမှုနေပြီး အခြားမြို့များထက် စစ်တွေမြို့တွင် ပို၍ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဇန်နဝါရီ ၇ ရက်ထိ ဒေသခံ ၁၇၀ ကျော်ကို ဖမ်းဆီးထားပြီး တချို့ကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) အပါအဝင် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အရေးယူထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here