မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်မည်ဟု မွန်တော်လှန်ရေးအင်အားစုများပြော

0
437

၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြှင့်တင်၍ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း မွန်တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့များထံမှ သိရသည်။

စစ်အာဏာရှင်ကျရှုံးရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး အဆုံးထိတိုက်ပွဲဝင်ရန် မွန်တော်လှန်ရေး အင်အားစုများဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ NUG ၏ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၁၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ၊ Ye Air Force (YAF) နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က သစ္စာရေသောက် ကတိပြုထားကြောင်း သိရသည်။

လာမည့်ကာလများတွင် မွန်ပြည်နယ်အတွင်း ယခင်နှစ်ကထက် ၂ ဆ၊ ၃ ဆ ပိုပြီး စစ်ရေးအရှိန်မြှင့်တင်သွားပြီး တိုက်ပွဲကြီးများ ဖော်ဆောင်ရန်ရှိနေကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဆိုသည်။ မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် မဟာမိတ်တပ်များနှင့်ပူးပေါင်းပြီး အချိန်ကိုက်တိုက်ခိုက်မှုများကို ဖော်ဆောင်နိုင်မည်ဆိုလျှင် မွန်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရမည်ဟုလည်း ဆိုသည်။

“ ကျွန်တော်တို့ မဟာမိတ်တပ်ပေါင်းစုကို ထပ်မံတိုးချဲ့ပြီးတော့ တိုက်ပွဲဝင်သွားဖို့ အစီအစဥ်တွေရှိတယ်။ တခြားသော စစ်ကြောင်းများနဲ့ တက်ညီလက်ညီ ကျွန်တော်တို့ အချိန်ကိုက် စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်မယ် ဆိုလို့ရှိရင်တော့ မွန်ပြည်နယ်မှာ အခြားသောဒေသတွေလိုပဲ စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာနိုင်မှာ သေချာတယ်လို့ ကျွန်တော် ပြောကြားချင်ပါတယ်” MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

ထို့အပြင် ၎င်းက “လိုအပ်မှုတွေနဲ့ စိန်ခေါ်မှုတွေ အများကြီး ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့် စစ်ဆင်ရေးတွေကို စိတ်ရှိသလောက် မဖော်ဆောင်နိုင်ခဲ့ပေမဲ့ ၂၀၂၄ မှာတော့ မဟာမိတ်များရဲ့ ပံ့ပိုးကူညီမှု ပြည်သူများရဲ့ထောက်ပံ့မှုနဲ့ တော်လှန်ရေးအရှိန်ကို ၂၀၂၃ ထက် ပိုပြီးမြှင့်တင်ဖို့ စီစဥ်ထားတာတွေ ကြိုးစားထားတာတွေ ရှိပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နှစ်သစ်စစ်ဆင်ရေးအကြိုအဖြစ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ နှင့် ခမရ ၅၈၃ တပ်ရင်းများအား လက်နက်ကြီး၊ ဒရုန်းစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနိုင်ကောင်းရွက်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မွန်ပြည်တော်လှန်ရေးတပ်ပေါင်းစုနှင့် မြေပြင်၌ ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့စဉ် မွန်ပြည်တော်လှန်ရေးတပ်များနှင့် အပြန်အလှန်လိုအပ်ချက်များ စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး အတူတကွ တိုက်ပွဲဝင်ကြရန် သဘောတူခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း ဖော်ဆောင်တော့မည့် စစ်ဆင်ရေးများအတွင်း NUG နှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ရှိမည်ဟု မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ပြောရေးဆိုခွင့်ရှိသူ ကိုဒီဃာက ဆိုသည်။

“လက်ရှိ ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆိုရင် NUG၊ MOD ရဲ့အောက်က စစ်ကြောင်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတာတွေ ပူးပေါင်းဆောင်ရွက်နေတာတွေ စုဖွဲ့လေ့ကျင့်နေတာတွေ လက်ရှိမှာတော့ ပိုပြီးတော့ ကောင်းတဲ့စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့အတွက်ကို လုပ်ဆောင်နေတာတွေ ရှိတယ်။ NUG အနေနဲ့ ဒီစစ်ဆင်ရေးတွေမှာ ပါဝင်လာဖို့ရှိတယ်ပေါ့” ဟု သူက ပြောသည်။

မွန်ပြည်နယ်အတွင်း တော်လှန်ရေးအရှိန်မြှင့်မည် ဖြစ်သောကြောင့် အရပ်သားများ စစ်ဘေးရှောင်လာရနိုင်ပြီး စစ်ကောင်စီ တပ်စခန်းများနှင့် ဝေးရာသို့ ပြောင်းရွှေ့ကြရန်လည်း တော်လှန်ရေးပူးတပ်ဖွဲ့တို့က တိုက်တွန်းထားသည်။

ယင်းပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာနိုင်သောကြောင့် စစ်ဘေးမရှောင်နိုင်သော ပြည်သူများ ဗုံးခိုကျင်းများတူးထားကြရန်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ထုတ်ပြန်ထားသော လေကြာင်းစစ်ဆင်ရေးအတွင်း ဆောင်ရန်ရှောင်ရန်များကို လေ့လာထားရန် တော်လှန်ရေး တပ်ပေါင်းစုတို့က တိုက်တွန်းထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here