သျှမ်းပြည်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားသည့် နှစ်ဘက်တပ်တိုက်ပွဲ တပတ်တာအတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်မှ စတင်ခဲ့သည့် KIA တပ်မှ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ စခန်းသိမ်းတိုက်ပွဲ တစ်ပတ်တာအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။
“ရပ်ကွက် ၄ ဘက် တရုတ်မိသားစုက သူတို့ထမင်းစားနေတဲ့အချိန်မှာ လေယာဉ်ကပစ်တဲ့ဗုံးက အိမ်ကိုထိတာ၊ မိသားစု ၃ ယောက် သေသွားတယ်။ နောက်တစ်ယောက်က လေယာဉ်လာတဲ့အချိန် ထွက်ကြည့်တော့ အဲ့ဒါလည်း ပွဲချင်းပြီးသေတာဆိုတော့ စုစုပေါင်း ၄ ယောက်ပေါ့။ ဆုံးတဲ့ရက်ကတော့ သေချာမသိဘူး၊ တိုက်ပွဲဖြစ်တာက ၂၉ ရက်နေ့ကတည်းက မနက် ၆ နာရီခွဲကနေ စဖြစ်တာ” ဟု နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ ဇန်နဝါရီ ၁ ရက်နေ့က နမ့်ဖတ်ကာရွာရှိ အသက် ၆၀ ကျော်အရွယ် အဘွားတစ်ဦးသည်လည်း ကတုတ်ကျင်းထဲတွင် မီးမွှေးနေစဉ် မီးခိုးမွှန်ပြီး သေဆုံးသွားကြောင်း အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။
နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရပ်ကွက် (၁) သာယာကုန်းမှ ကချင်နှစ်ချင်း (မူရင်း) ဘုရားကျောင်းကို ထိမှန်ပြီး ပန်ဂျရော့ပ် ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
“နမ့်ဖတ်ကာလည်း အိမ်တွေ တော်တော်ပျက်စီးကုန်ပြီးတော့ မီးလောင်ကုန်တယ်။ ပန်ဂျရောပ့် ဘုန်းကြီးကျောင်း ဆိုရင် တိုင်ပဲ ရှိတော့တယ်။ စစ်တပ်ရှေ့ကပေါ့နော့၊ အဲ့နားမှာ ၁၂၃ တပ် ရှိတယ်။ ရပ်ကွက် (၁) သာယာကုန်းဘက် က ကချင်မူရင်းဘုရားကျောင်းလဲ ထိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိမှာ” ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသမီးက ဆက်ပြောသည်။
ထို့အပြင် ကွတ်ခိုင်မြို့ပေါ်တွင်လည်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဇန်နဝါရီလ ၄ ရက်မှ စတင်ပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးကို လုံခြုံရေးအရ ပိတ်ချလိုက်ပြီး လူနာနှင့်ဆရာဝန်များအား ကောင်းခါးတိုက်နယ်ဆေးရုံသို့ ရွှေ့ပြောင်းလိုက်ရကြောင်း ကွတ်ခိုင်မြို့နယ် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၇ ဦးနှင့် ကလေး ၆ ဦး အပါအဝင် စုစုပေါင်း ၂၅ ဦးကျော် သေဆုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ၍ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် ပြည်သူနေအိမ် ၇၀ ကျော် ထိခိုက်ပျက်စီးကြောင်း ကွတ်ခိုင်မြို့နယ်ဒေသခံများထံမှ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။