ရက္ခိုင့်တပ်တော် (AA) သည် ပလက်ဝဒေသရှိ ၂၈၉ ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်း အပါအဝင် စစ်ကောင်စီ စခန်း ၈ ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပလက်ဝ ၂၈၉ ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ယင်းအပြင် ပလက်ဝဒေသအတွင်း၌ သာမက ရက္ခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းမှန်သမျှ တစ်ခုမျှမကျန် အပြတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဖော်ပြပါစခန်းများဖြစ်သော ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆ ၊ ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ ခမရ- ၂၁၇၊ ခလရ- ၂၈၉ ၊ ခမရ- ၂၂၀ တို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီလ ၁ ရက်နေ့မှ ချဉ်းကပ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။
ပလက်ဝဒေသအတွင်းရှိ ချင်းလက်ဝစခန်းကုန်းအား ဇန်နဝါရီလ ၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါစခန်းကုန်းအား သုံးရက်ခန့်သာ တိုက်ခိုက်ခဲ့ရကြောင်းနှင့် စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးတွင် စစ်ကောင်စီဘက်မှ နှစ်ရှည်လများ အခိုင်အမာ စခန်းချ တပ်စွဲထားပြီး ဒေသခံပြည်သူလူထုအား လက်နက်အားကိုးဖြင့် ကာလရှည်ကြာ အနိုင်ကျင့်ဗိုလ်ကျနေသည့် တောင်ရှည်တောင် ဗျူဟာကုန်းအား အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ရန်လည်း ဆက်လက်ထိုးစစ်ဆင်လျက် ရှိကြောင်း ဖော်ပြထားသည်။
ယင်းပြင် ဘူးသီးတောင်မြို့နယ်၊ ကျောက်တလုံးကျေးရွာနှင့် အနီးတဝိုက်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးများကို ချိန်ကိုက်လိုက်ပါဆင်နွှဲနေကြသည့် အခြားသော တော်လှန်ရေးမိတ်ဖက် အဖွဲ့အစည်းအချို့တို့သည်လည်း နှစ်ဆန်းတွင်ပို၍ အားစိုက်လာသည်ကို တွေ့ရှိရကြောင်းနှင့် နေရာတိုင်းတွင် စစ်ကောင်စီအား အပြတ်အသတ်အလဲထိုးပြီး အောင်ပွဲများကို တစ်ခုပြီးတစ်ခု ရယူနိုင်သည်များကို ဆက်တိုက်တွေ့လာရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။
တစ်ရက်ပြီးတစ်ရက် အခြေအနေဆိုးဝါးလာနေသော စစ်ကောင်စီအား ကြမ္မာငင်ခွင့်သာပေးပြီး မိမိတို့အပေါ် တန်ပြန်တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှပေး၍မရ ဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအရ ကောင်းစွာသိနားလည်ထားခြင်းသည်ပင်လျှင် လက်ရှိရရှိထားသော အောင်မြင်မှုများထက် ပို၍အရေးကြီးကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
နိရဉ္စရာ ပေးပို့သည်။