တော်လှန်ရေးအင်အားစုများ သိမ်းယူထားသောမြို့များမှ ထွက်ခွာကြရန် စစ်ကောင်စီဝါဒဖြန့်ချန်နယ်များ ရေးသားဖြန့်ဝေနေ

0
297

တော်လှန်ရေးအင်အားစုများ သိမ်းယူထားသော စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့များအတွင်းမှ ပြည်သူများအနေဖြင့် မြို့တွင်းကနေ အမြန်ဆုံးထွက်ခွာကြရန် ရေးသားမှုများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များမှနေ၍ ဖြန့်ဝေနေသည်ကို တွေ့ရသည်။

ကောလင်းမြို့အပါအဝင် နမ္မတူမြို ၊ မန်တုံမြို ၊ လောက်ကိုင်မြို့ ၊ နမ့်ဆန်မြို့ ၊ ကွမ်လုံမြို့၊ ချင်းရွှေဟော်မြို့ များတွင် စစ်ဆင်ရေးများ ဆောင်ရွက်မည် ဖြစ်သောကြောင့်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ရွေ့ပြောင်းကြရန် ရေးသားဖြန့်ဝေမှုများကို ဇန်နဝါရီလ အစောပိုင်းရက်များအထိ ဖြန့်ဝေရေးသားနေကြခြင်း ဖြစ်သည်။

အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် စစ်ဆင်ရေးများဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူများကို ဓားစာခံမလုပ်နိုင်ရန် ကြိုတင်သတိပေးခြင်းဖြစ်ပြီး နောက်ဆက်တွဲ ကိစ္စများအားလုံးသည် အဆိုပါမြို့များတွင် နေထိုင်သူများ၏ တာဝန်သာ ဖြစ်ကြောင်းလည်း အဆိုပါရေးသားမှုများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဝန်းသိုမြို့ ခမရ ၁၂၀ မှ ကောလင်းမြို့ဘက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကောဟောင်ဝစ်ဇာ အမြောက်နှင့် ၆ ချက် ပစ်ခတ်ခဲ့ရာတွင် အမြောက်ကျည်နှစ်လုံး ကောလင်းမြို့စျေးအနီးသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် စျေးဝယ်နေသည့် အမျိုးသမီး ၄ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၄ ဦး မှာ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ကောလင်းမြို့တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရ သိရသည်။

လတ်တလောတွင် စစ်ကောင်စီက ကောလင်းမြို့အတွင်းသို့ စစ်ဆင်ရေးအသွင်ဖြင့် လှုပ်ရှားဆောင်ရွက်ခြင်းမျိုး မရှိသေးသော်လည်း လမ်းကြောင်းပိတ်ဆို့မှုများ လုပ်ဆောင်နေကြောင်း ကောလင်းဒေသခံများက ပြောသည်။

“ကောလင်းက PDF နယ်မြေတွေ ဖြစ်တယ်ဆိုတော့ ဝင်ပေါက်ထွက်ပေါက်တွေ အကုန်လုံးကို ပိတ်ဆို့တဲ့ သဘောပေါ့။ စားသောက်ကုန်တွေ ဖြတ်တော့မယ်နဲ့ တူပါတယ်” ​လို့ ကောလင်းဒေသခံတစ်ဦးက သုံးသပ်ပြောသည်။

ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို တော်လှန်ရေးအင်းအားစုများက ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ကြောင်း ကြေညာခဲ့ပြီး အုပ်ချုပ်ရေးနှင့် ဘဏ်လုပ်ငန်းများကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG က တရားဝင်ကြေညာထားသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here