ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ၏ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းအသုံးပြု တိုက်ခိုက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
နတ်သံကွင်းမြို့အတွင်းအပြင်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့မှ စ၍ တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် မြို့ကိုစိုးမိုးထားနိုင်သော်လည်း စစ်ကောင်စီတပ်က မြို့အတွင်းကို လေကြောင်းသုံး ပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသဖြင့် ဒေသခံပြည်သူနေအိမ်များနှင့် အဆောက်အဦးများ မီးလောင်ပျက်စီးပြီး ဒေသခံများလည်း နေရပ်မပြန်ရဲကြကြောင်း သိရသည်။
မြို့မှရှောင်တိမ်းနေထိုင်သူ အမျိူသားတစ်ဦးက “လေယာဉ်က မနက် မလာရင် ညဘက် လာတယ်။ တစ်ရက်မှကို မပြတ်သေးဘူး။ တခါတလေ မနက် တစ်ကြိမ် ည တစ်ကြိမ်၊ တစ်ရက်တည်း နှစ်ကြိမ်၊ သုံးကြိမ် လာတာလည်း ရှိတယ်။ လာတိုင်း ပစ်တာပဲ။ လက်နက်ကြီးကတော့ နေ့တိုင်း လေယာဉ်ပြန်သွားပြီးတာနဲ့ ထုတယ်။ မြို့ထဲမှာ နေ့တိုင်း မီးလောင်နေတာ မြင်ရတယ်။ မနေ့ကဆို သုံးနေရာလောက် လောင်တယ်။ မြို့ကို ဘယ်သူမှလည်း မပြန်ရဲဘူး” ဟု ပြောသည်။
ယင်းအပြင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများသည် နတ်သံကွင်းမြို့အတွင်း သာမက ပဲနွယ်ကုန်းမြို့နှင့် အနီးရှိ ကျေးရွာများတွင်ပါ ဖြစ်ပွားလျက် ရှိပြီး ပဲနွယ်ကုန်းမြို့ အပါအဝင် ကျောက်ကြီးမြို့သို့ပါ ဖြတ်သန်းသွားလာခွင့် မရှိတော့ဘဲ ဒေသခံ အများစုမှာ ညောင်လေးပင်၊ ဖြူးနှင့် အခြားဘေးလွတ်ရာမြို့များသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။
ဒေသခံတစ်ဦးက “လူတွေကတော့ မြို့ပေါ် ပြေးကြတယ်။ ရွာတွေမှာ သိပ်မရှိတော့ဘူး။ တိုက်ပွဲက ပဲနွယ်ကုန်းအထိ ဖြစ်နေတာ၊ ပဲနွယ်ကုန်းကိုလည်း ပေးမဖြတ်တော့ဘူး။ ကျောက်ကြီးဘက်ကိုလည်း ပိတ်ထားတယ်။ လတ်တလော ငြိမ်နေတဲ့ ညောင်လေးပင်ဘက် ပြေးကြသူတွေလည်း ရှိတယ်။ ဆိုင်ကယ် ကယ်ရီခတွေကလည်း ကျောက်ကြီးကနေ ညောင်လေးပင်အထိ တစ်သိန်းခွဲ ဖြစ်နေပြီ” ဟု ပြောသည်။
နတ်သံကွင်းရဲစခန်းအား သိမ်းပိုက်ရရှိရန် KNLA ပူးပေါင်းတပ်များက ကြိုးစားတိုက်ခိုက်နေပြီး စခန်းအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသို့ လေယာဉ်ဖြင့် လာရောက်ချထားပေးသော ရိက္ခာထုတ် အများစုကိုလည်း ပူးပေါင်းတပ်က ရရှိထားကြောင်း ကေအဲန်ယူနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။
“ရဲစခန်းတစ်ခု မရသေးဘူး။ စစ်သားတွေ အကုန်ပိတ်မိသလို ဖြစ်နေတာ။သူတို့လေယာဉ်နဲ့ လာပို့တဲ့ ရိက္ခာထုပ်က သုံး၊ လေးထုတ်ပဲ သူတို့ရလိုက်တာ။ ဒီဘက် (ပူးပေါင်းတပ်) က မြို့ကိုစိုးမိုးထားတော့ ဖြတ်တိုက်စရာကို မလိုဘူး။ ရဲစခန်းထဲ တည့်တည့်ဝင်တဲ့အထုပ်ကလွဲပြီး ကျန်တာ အကုန်ရတယ်” ဟု ကေအဲန်ယူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကူဖြည့်လာသော စစ်ကြောင်းများသည် ပူးပေါင်းတပ်၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်များအရ သိရပြီး၊ တိုက်စစ်ဆင်နွှဲခြင်း ဖြစ်သည့်အတွက် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် နှစ်ဖက်စလုံး အထိအခိုက်များနေသည်ဟု နီးစပ်ရာ သတင်းအရင်းအမြစ်များမှ သိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်များအရ တိုက်ပွဲ စတင်ဖြစ်ပွားသည့်နေ့မှ စ၍ ဒီဇင်ဘာလ (၃၁) ရက်နေ့ အထိ နတ်သံကွင်းမြို့နှင့် ပဲနွယ်ကုန်းမြို့အနီးရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးအပါအဝင် လေကြောင်းဖြင့် ဗုံးအလုံးရေ (၅၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၉ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
KIC ပေးပို့သည်။