ကောလင်းမှာ အရပ်သားပြည်သူ ၆ ဦး စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံး

0
246
ပုံစာ - ကောလင်းမြို့ဈေး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးနောက်တွေ့ရစဉ်။

စစ်ကိုင်း – ကချင်အစပ် ကောလင်းမြို့တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် တစ်ပတ်အတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရသည်။

ဇန်နဝါရီ ၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဝန်းသိုမြို့နယ်ထဲရှိ စစ်ကောင်စီတပ် ခမရ ၁၂၀ တပ်ရင်းကနေ ဟောင်ဝစ်ဇာလက်နက်အမျိုးစားနှင့် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကောလင်းမြို့ပေါ်ရပ်ကွက်နှင့် မြို့မစျေးထဲနေရာသို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၂ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဒီကနေ့မနက်တော့ လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်တယ်။ ပစ်တဲ့အချိန်မှာ မြို့ထဲကိုကျတယ်၊ တစ်လုံးကတော့ မြို့မဈေးထဲ ကျတယ်။ အဲ့မှာက များသောအားဖြင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည်နဲ့ သားငါးသည်တွေ ကြားထဲကို ကျတာဖြစ်တဲ့အတွက် အမျိုးသမီးကြီး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကောလင်းမြို့မစျေးထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက် ထိခိုက်သေဆုံးခဲ့ပေမယ့် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အသေးအတည်ပြု စုံစမ်းနေဆဲ ဖြစ်တယ်လို့ ၎င်းက ဆိုသည်။

ကောလင်းမြို့သည် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်လည်ရရှိနိုင်ရန် ကြိုးစားလာတာကြောင့် စစ်အင်အားဖြည့်တင်းတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက ဆက်ပြောသည်။

“ဝန်းသိုမြို့ထဲက စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခလရ ၁၁၁ နဲ့ ၁၂၀ တပ်ရင်းတွေကနေ အဲ့မှာရှိတဲ့ ပျူတွေနဲ့ ပေါင်းပြီးတော့ ကောလင်းမြို့ဘက်ကိုထိုးတာပါ၊ ကောလင်းမြို့နဲ့တော့ အနည်းဆုံး ၅ မိုင် အများဆုံး ၇ မိုင် လောက် ဝေးပါတယ်။ သူတို့ဘက်ကတော့ ကောလင်းမြို့ကို ပြန်တိုက်ဖို့အတွက် ကြိုးစားတဲ့ အနေအထား ရှိပါတယ်” လို့ ၎င်းက ပြောပါသည်။

ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နှင့် ၃၀ ရက်နေ့မှာလည်း ဝန်းသိုမြို့နယ်ဘက်ကနေ ကောလင်းမြို့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပြောဆိုထားကြောင်း သိရသည်။

ကောလင်းမြို့ကို ပြီးခဲ့သည့်နိုဝင်ဘာလ ၅ ရက်နေ့ က စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနှင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ကြေညာထားသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here