မြိုင်မှာ စစ်ကောင်စီထောက်ပို့ယာဉ်တန်းပါ ရဲသုံးဦးကို အရှင်ဖမ်းဆီးမိ

0
268
Photo- မြိုင် ပ.က.ဖ

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ ခလရ ၂၅၁ ထောက်ပို့ယာဉ်တန်းနဲ့အတူပါလာသော စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်သည်။

မြိုင် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက “ထောက်ပို့ယာဉ်တန်းက ရဲသုံးဦး ကင်းထွက်လာချိန် လမ်းမှားနေတာတွေ့လို့ ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီသုံးဦးကို စကစက လက်နက်ပေးမထားဘဲ ကင်းစောင့်ခိုင်းနေတဲ့အချိန် ဖမ်းဆီးရမိခဲ့တာ” ဟု ပြောသည်။

ဖမ်းဆီးရမိထားသည့် ရဲ ၃ ဦးဟာ မကွေးကနေ ပခုက္ကူတပ်မ ၁၀၁ ကို သင်တန်းတက်ရောက်ဖို့ဆိုပြီး လိမ်လည်ခေါ်ယူခံရတဲ့ ရဲအင်အား ၄၀ ထဲကဖြစ်ကြောင်းနှင့် စစ်ကြောင်းထိုးချိန် လိုက်ပါဖို့ ခိုင်းစေခံရသူတွေလည်းဖြစ်တယ်လို့ ပြောဆိုကြောင်း သိရသည်။

စစ်ကြောင်းမှာလည်း ၎င်းတို့ကို လက်နက်ပေးမကိုင်ဘဲ အထုတ်ထမ်းတာ၊ အလောင်းထမ်းခိုင်းတာတွေသာ လုပ်ရပြီး စစ်သားတွေရဲ့ အကြွင်းအကျန်ကိုသာ စားရတယ်လို့ စစ်ဆေးချိန်မှာ အဆိုပါရဲ ၃ ဦး ထွက်ဆိုထား တယ်လို့ ဆိုသည်။

အဆိုပါ ရဲ ၃ ဦးမှာ ဒုတပ်ကြပ် ဝေလွင်ထွန်း၊ တပ်သား ဟိန်းထက်အောင်နဲ့ တပ်သား အောင်လင်းထွန်း ဆိုသူတို့ဖြစ်ပြီး ၎င်းတို့တွေကို မြိုင် ပ.က.ဖနဲ့ PDF Kamma (ကမ္မတပ်ပေါင်းစု) တို့က ပူးပေါင်းဖမ်းဆီး ရမိခဲ့တာ ဖြစ်တယ်လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ရဲတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး မိသားစုတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေးနေသော်လည်း မိသားစုဝင်တွေရဲ့ ဖုန်းတွေကို ဆက်သွယ်လို့ခက်ခဲနေတယ်လို့ မြိုင်ပ.က.ဖ က အသိပေး ပြောဆိုပါသည်။

မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးအားကောင်းသည့် ဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲများသည် စခန်းစွန့်ခွာ ထွက်ပြေးတာနှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီမှာ လက်နက်ချအညံ့ခံတာတွေ ပြုလုပ်နေတာကို တွေ့ရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here