သံဖြူဇရပ်မြို့ခံတွေ စစ်ကောင်စီတပ်ရဲ့ လိုက်လံဖမ်းဆီးခြင်းခံနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သံဖြူဇရပ် မြို့ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မြို့ခံဦးမြင့်သန်း ကို လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးမိခဲ့ပါတယ်။ ဦးမြင့်သန်း ဖမ်းဆီးခံရပြီးနောက် PDF အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့နေတယ်ဆိုပြီး သံဖြူဇရပ်မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။
သံဖြူဇရပ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦး ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဝဲကလိတပ်နယ်တွင် ဖမ်းဆီးစစ်ဆေးနေသလို လက်ရှိအချိန်ထိလည်း လိုက်လံဖမ်းဆီးမှုတွေ ရှိနေကြောင်း မြို့ခံတို့ထံမှ သိရပါတယ်။
လက်ရှိမှာ သံဖြူဇရပ်မြို့ခံတွေ စစ်ကောင်စီတပ်ရဲ့ လိုက်လံဖမ်းဆီးခြင်းခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သံဖြူဇရပ်မြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ စစ်ကောင်စီတပ်ကနေ မြို့ခံတွေကို လိုက်လံဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ။ ။ ဖမ်းဆီးတာတွေက လောလောဆယ်တော့ ငြိမ်သက်နေတယ်။ စဖမ်းကလို မဟုတ်တော့ဘူး၊ ဖမ်းတာက အဓိက လုပ်ငန်းရှင်တွေပေါ့။ လုပ်ငန်းရှင်တွေ အများစုကလည်း အခု သူတို့ဝန်ခံလိုက်တာ စစ်တပ်ကို အဓိပ္ပါယ်က PDF တွေကို ထောက်ပံ့ချင်လို့ထောက်ပံ့တာ မဟုတ်ဘူး၊ PDF ဘက်က အလှူခံတော့ မပေးလို့မရတဲ့ အနေအထားမို့လို့ ထောက်ပံ့ပေးခဲ့တယ်။ အဲလိုမျိုး ဝန်ခံထားကျတော့ ပြန်လွတ်လာတာတွေလည်း ရှိတယ်။ တကယ့် PDF နဲ့ ဆက်စပ်တဲ့လူတွေလောက်ပဲ ဖမ်းဆီးထားတယ်။ လက်ရှိက ဖမ်းဆီးမှုအခြေအနေကတော့ ငြိမ်သက်နေတယ်။ ကိုတရုတ်တို့ကို ဖမ်းဆီးတဲ့အချိန်မှာတော့ ဖမ်းဆီးမှုက တော်တော်ကိုပြင်းထန်တယ်။ ဒီနောက်ပိုင်းမှာတော့ လုပ်ငန်းရှင်အများစုက PDF ကို ထောက်ပံ့ထားကြတယ်။ မပေးမဖြစ်လို့ ပေးခဲ့ရတယ်။ လုပ်ငန်းရှင်တွေဘက်က သူတို့ PDF ကို ထောက်ပံ့ပေးခဲ့တယ်ဆိုတာ ဝန်ခံလိုက်တော့ စစ်တပ်ဘက်ကလည်း လျော့ပေါ့ပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်းရှိတယ်။ ဆက်ဖမ်းထားတာတွေလည်း အများကြီးရှိနေတယ်။
မေး။ ။ ဖမ်းဆီးမှုက မြို့ပေါ်မှာပဲလား ရွာတွေဘက်က အခြေအနေရော ဘယ်လိုရှိနေလဲ။
ဖြေ။ ။ အဓိကကတော့ မြို့ပေါ်မှာပဲ ဖမ်းဆီးခံရတာများတယ်။ ရွာတွေဘက်ကတော့ ဖမ်းဆီးတာ မရှိဘူး။ ရော်ဘာအစေးခြစ်သွားတဲ့လူတွေကိုပဲ ဖုန်းတွေသိမ်းလိုက်တာတို့ ပိုက်ဆံပါရင် ယူလိုက်တာတို့ အဲလိုမျိုး ခြိမ်းခြောက်တာတွေ ရှိတယ်။ မြို့ပေါ်မှာလိုမျိုး ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတော့ မရှိဘူး။ ရွာမှာကတော့ လုပ်ငန်းရှင်အကြီးတွေမှ မရှိတာ၊ အဓိက ဖမ်းဆီးခံနေရတာတွေက လုပ်ငန်းရှင်တွေဆိုတော့လေ။
မေး။ ။ ဖမ်းဆီးခံထားရသူ အရေအတွက်က ဘယ်လောက်လောက်ရှိနိုင်လဲ။
ဖြေ။ ။ ဖမ်းခံရတာတွေက ၅၀ အထက် ရှိမယ်။ တဆင့်ကြားရတာတွေက တကယ့် PDF တွေနဲ့ ဆက်စပ်တဲ့ လူတွေကိုတော့ ရိုက်နှက်နှိပ်စက်ခံရတာတွေရှိတယ်။ PDF တွေနဲ့ မဆက်စပ်တဲ့လူတွေကျတော့ လွတ်လွတ်လပ်လပ်ပဲ နေရတယ်။ စားတာသောက်တာကအစ ကောင်းကောင်းမွန်မွန်ပဲ နေနေကြရတယ်။
မေး။ ။ ဖမ်းဆီးခံရသူတွေထဲက နှစ်ယောက်သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်နေတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေကြားထားတာရှိပါလဲ။
ဖြေ။ ။ ဒီကိစ္စက အတိအကျတော့ ဘယ်သူမှမသိဘူး။ ဒါပေမယ့် ပြောနေကြတာကတော့ တကယ်ပဲ အဲနှစ်ယောက်က သေသွားတယ်။ ဒါပေမယ့် အတိအကျမသိတော့ ဘာမှတော့ မပြောနိုင်ဘူး။
မေး။ ။ ဖမ်းခံရသူတွေက ဘယ်လိုလူတွေပါလဲ။
ဖြေ။ ။ ဖမ်းခံရသူတွေအများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ပြီးတော့ ဆက်စပ်တဲ့လူတွေပေါ့။ ဥပမာ-အိမ်တစ်အိမ်မှာ အိမ်ရှင်က ဘာမှမလုပ်ထားရဘူး၊ ဒါပေမယ့် သူ့သမက်က PDF နဲ့ ဆက်စပ်နေတယ်။ သူ့သမက်ကို ဖမ်းမမိတော့ အဲအိမ်ကို ချိတ်ပိတ်လိုက်တာမျိုး အဲလိုတော့ရှိတယ်။
မေး။ ။ နေအိမ်ချိတ်ပိတ်ခံရတာတွေရော ဘယ်လောက်လောက်ရှိလဲ။
ဖြေ။ ။ နေအိမ်ချိတ်ပိတ်ခံရတာက မနည်းဘူး။ သိရသလောက်က ၁၇ လုံး၊ ၁၈ လုံး လောက် ရှိမယ်။ အဲထက်များတာလဲ ဖြစ်နိုင်တယ်။
IMNA ပေးပို့သည်။