ထီးလင်းမြို့၊ ရေမျက်နီစခန်း တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး

By MPM 21 ဒီဇင်ဘာ, 2023 👁

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာအခြေစိုက် စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲ တစ်ပတ်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ထက်မနည်း သေဆုံးပြီး ဖမ်းဆီးရမိခဲ့သူများလည်း ရှိတယ်လို့ ယောကာကွယ်ရေးတပ် – YDF က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မနက်အစောပိုင်းထဲက ရေမျက်နီကျေးရွာရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေခြင်း ဖြစ်သည်။

တိုက်ပွဲစတင်သည့်ရက်မှာပင် ရေမျက်နီစခန်းအတွင်း တော်လှန်ရေးတပ်များ ဝင်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများကို လက်နက်ချဖို့ အသိပေးသော်လည်း လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လို့ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်တယ်လို့ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မဟာမိတ်ပူးပေါင်းအဖွဲ့က ရေမျက်နီစခန်းကို သိမ်းပိုက်ရရှိနိုင်ရေး တစ်ပတ်ကြာဆင်နွှဲခဲ့တဲ့ မဟာမိတ် ပူးပေါင်း စစ်ဆင်ရေးတိုက်ပွဲမှာ ရန်သူ့ဘက်က မြေပြင်စစ်ကူစစ်ကြောင်းများစွာနဲ့ အပြင်းအထန် ပြန်လည်ခုခံခဲ့တဲ့အပြင် MI 35 တိုက်ခိုက်ရေး ရဟတ်ယာဥ် အပါအဝင် Jet Fighter တွေနဲ့ အကြိမ်ရေများစွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်” လို့ ယောကာကွယ်ရေးတပ်၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကူလာသည့် စစ်ကြောင်းတွေ ကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့် လေယာဉ်နဲ့ ပစ်ကူပေးနေသည့် မုံရွာ နမခက MI-35 တိုက်ခိုက်ရေးလေယာဉ်ကို ပြန်လည်ပစ်ခတ်နိုင်ခဲ့တဲ့အတွက် ကိုယ်ထည်အမြီးပိုင်း ထိမှန်ပြီး ဆင်းသက်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ၎င်းက ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိ ထားတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရသည်။

ရေမျက်နီစခန်းသိမ်း တိုက်ပွဲကြောင့် ရေမျက်နီကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး ထိုကျေးရွာများအတွင်းမှာတော့ ဂန့်ဂေါ ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။