ရခိုင်ဒေသတွင် စစ်ရေးကြောင့် လယ်ဧက ၅၀ ရာခိုင်နှုန်းသာ စပါးရိတ်သိမ်းနိုင်သေး

0
217

ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် လယ်ဧက ၅၀ ရာခိုင်နှုန်းသာ စပါးရိတ်သိမ်းနိုင်သေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ကျန် ၅၀ ရာခိုင်နှုန်းမှာ စက်သုံးဆီ ပြတ်လပ်ခြင်း၊ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း၌ ရှိနေခြင်းတို့ကြောင့် ဒေသခံတောင်သူများမှာ စပါးရိတ်သိမ်းရန် အခက်အခဲများရှိနေကြပြီး အချိန်မီ မရိတ်သိမ်းနိုင်ပါက စပါးပင်များမှာ ပျက်စီးဆုံးရှုံးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီအခြေအနေအရဆိုရင် နောက်နှစ်အတွက် မျိုးစပါးရဖို့ မလွယ်ကူသလို ပြည်တွင်းရိက္ခာဖူလုံရေးမှာလည်း အခက်အခဲ ဖြစ်လာနိုင်တယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဦးကျော်ဇံက ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စ၍ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေသဖြင့် တောင်သူများမှာ ရင့်မှည့်ပြီးစပါးခင်းများနှင့် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ပေါက်တောမြို့၊ မနော်သီရိကျေးရွာမှ လယ်သမားတစ်ဦးက “ကျနော်တို့ရွာကလယ်သမားတွေမှာ စပါးက မပြောစလောက်ပဲ ရိတ်ရသေးတယ်။ မြစ်ကမ်းနားတလျှောက်က လယ်ကွင်းတွေဆို လုံးဝမရိတ်ရသေးဘူး။ စစ်ကောင်စီနေဗီက သွားရင်းလာရင်း ပစ်ခတ်တာရှိလို့ တစ်ယောက်မှ မရိတ်သိမ်းရဲဘူး” ဟု ပြောသည်။

ပေါက်တောမြို့ပေါ်တွင် နိုဝင်ဘာ ၁၆ ရက်မှ စ၍ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မနော်သီရိ၊ တောင်းဖူး၊ တောင်ညို၊ သရက်၊ ကျောက်ဆိပ်၊ ကြိမ်ခမော်၊ တပ်မော်၊ ဒါးကိုင်၊ သားရွေး၊ မော်ထုပ်ကြီး၊ သဝင်ချောင်း စသည့်ကျေးရွာများမှ လယ်သများမှာ စပါးအနည်းငယ်သာ ရိတ်သိမ်းနိုင်ခဲ့သေးသည်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း စသည့် မြို့နယ်များမှ လယ်သမားများမှာလည်း စစ်ကောင်စီက လက်နက်ကြီး/ငယ်များ၊ လေကြောင်း၊ ရေကြောင်းများဖြင့် ရမ်းသမ်း ပစ်ခတ်နေတာကြောင့် စပါးရိတ်သိမ်းရန် တွန့်ဆုတ်နေကြသည်။

“ကျနော်တို့က ဝမ်းစာရဖို့တခုတည်းအတွက်ပဲ အခက်အခဲမျိုးစုံကြားထဲက ရိတ်သိမ်းနေတာ။ ကျန်မျိုးစပါး အထိတော့ မမျှော်လင့်တော့ဘူး။ နောက်နှစ်အတွက်တော့ စပါးစိုက်ပျိုးဖို့ မလွယ်တော့ဘူး” ဟု ပုဏ္ဏားကျွန်း မြို့နယ်၊ ရဲရိုးပြင်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲစတင်သည့်နေ့မှ စ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသည့်မှာ ၂ လ နီးပါး ကြာမြင့်လာ၍ ဒေသတွင်း စားနပ်ရိက္ခာ၊ ကုန်စည်၊ အခြေခံစားသောက်ကုန်ပစ္စည်းကအစ ပြတ်လပ်နေသည်။

ရခိုင်ဒေသရှိ ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းနှင့် ပင်လယ်ငါးဖမ်း လုပ်ငန်းဖြင့် အဓိက အသက်မွေးကြသည်။ လက်ရှိတွင် သွားလာခွင့် ကန့်သတ်ခံထားရမှုကြောင့် အဆိုပါလုပ်ငန်းများကို မလုပ်ကိုင်နိုင်၍ ယခုနှစ်ရခိုင်ပြည်၏ စားနပ်ရိက္ခာအရေးမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်ဟု ဆိုကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here