“အဖွဲ့ရဲ့ ရပ်တည်ချက်လို့ပြောမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီမူနဲ့ သွားပါတယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတွင်း တိုင်းရင်းသားတွေ ဆုံးရှုံးထားတဲ့ ရပိုင်ခွင့် ပြန်လည်ရယူဖို့နဲ့ နာဂလူမျိုးတွေ ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးကိုလည်း ပြန်လည်ရယူသွားဖို့ ဖြစ်ပါတယ်” ENDA အထွေထွေအတွင်းရေးမှူး Eno Jimi Naga

0
443
ပုံစာ - Eastern Naga Defence Army (ENDA)

Eastern Naga Defence Army (ENDA) အထွေထွေအတွင်းရေးမှူး Eno Jimi Naga နဲ့ ဆက်သွယ်မေးမြန်းချက်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ မြန်မာပြည်အနှံ့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ အတူ လူမျိုးကိုအခြေခံတဲ့ တော်လှန်ရေးအဖွဲ့တွေလည်း ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ ကချင်နဲ့ စစ်ကိုင်း အထက်ပိုင်းဒေသတွေမှာ နေထိုင်တဲ့ နာဂလူမျိုးတွေအတွက် ENNO/ENNA ဆိုတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အတူ လှုပ်ရှားနေပါတယ်။

ENNO/ENNA ရဲ့ စစ်ရေးဆိုင်ရာ အကြောင်းအရာတွေကို ပြောဆိုဖို့ ခက်ခဲနေပေမယ့် နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်တွေအကြောင်းကို အထွေထွေအတွင်းရေးမှူး တာဝန်ယူထားတဲ့ Eno Jimi Naga ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံး အဖွဲ့အစည်းနာမည်ကို အရင်မိတ်ဆက်ပေးပါ။

ဖြေ။ ။ ကျနော်တို့က Eastern Naga National Organization (ENNO) အရှေ့နာဂအမျိုးသားအဖွဲ့အစည်း၊ Eastern Naga Defence Army (ENDA) အ‌ရှေ့နာဂကာကွယ်ရေး တပ်မတော်ပါ။

မေး။ ။ အရှေ့နာဂအမျိုသားအဖွဲ့အစည်း ENNO ၊ အရှေ့နာဂကာကွယ်ရေးတပ်မတော် ENDA ရဲ့ ဝေါဟာရ စကားလုံးကို နာဂလူထုရော၊ ပြည်သူတွေ နားလည်သဘောပေါက်လွယ်အောင်ဆိုရင် ဘယ်လိုအဓိပ္ပါတယ် ဖွင့်ဆိုနိုင်ပါလဲ။

ဖြေ။ ။ အရှေ့နာဂဆိုတာက မြန်မာပြည်နာဂပေါ့ အိန္ဒိယဘက်နဲ့ မဆိုင်ဘူး။ အဲတော့ မြန်မာပြည်မှာရှိတဲ့ နာဂအမျိုးသား အစိုးရဖြစ်ပြီး နာဂတပ်မတော်ပေါ့။

မေး။ ။ အဖွဲ့အစည်းတည်ထောင်တဲ့ နေ့ နဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပေးပါအုံး။

ဖြေ။ ။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ စပြီးတည်ထောင်ပါတယ်။ ဖွဲ့စည်းတည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ အရှေ့နာဂဒေသ ကာကွယ်အုပ်ချုပ်သွားဖို့နဲ့ ဘုံရန်သူကို လက်တွဲတူညီစွာ တိုက်ခိုက်သွားပြီးတော့ စစ်ရေးအရ ခံယူချက်၊ ဦးတည်ချက်တူညီတဲ့ ညီအစ်ကိုယ်မဟာမိတ်များနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့နဲ့ ဆင်းသက်ပုံ သမိုင်းတူညီတဲ့ ညီအစ်ကိုများနဲ့ လက်တွဲပြီး နာဂလူမျိုးနဲ့ တိုင်းပြည်အတွက် ကြိုးစားလုပ်ဆောင်သွားဖို့အတွက် ရည်ရွယ်ထားပါတယ်။

မေး။ ။ လိုတိုရှင်း အဖွဲ့ရဲ့ရပ်တည်ချက်ဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့အဖွဲ့ရဲ့ ရပ်တည်ချက်လို့ပြောမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီမူနဲ့ သွားပါတယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတွင်း တိုင်းရင်းသားတွေ ဆုံးရှုံးထားတဲ့ ရပိုင်ခွင့် ပြန်လည်ရယူဖို့နဲ့ နာဂလူမျိုးတွေ ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးကိုလည်း ပြန်လည်ရယူသွားဖို့ ဖြစ်ပါတယ်။ ပြီးတော့ နာဂပြည်နယ် နာဂလူမျိုးတွေရှိပြီးသား ဒါကိုကျနော်တို့ကာကွယ်သွားမယ်။

မေး။ ။ နာဂမှာက နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN- K လည်း ရှိနေပြီဆိုတော့ NSCN-K နဲ့ ENNO−ENDA က ဘာကွာခြားလဲ။

ဖြေ။ ။ အဖွဲ့ရဲ့ကွာခြားချက်ကတော့ ကျနော်တို့က အရှေ့နာဂပြည်နယ်အတွင်း Federal System (Eastern Nagaland) မူ ပုံစံဖြင့် သွားမှာဖြစ်သလို့ ယခုလက်ရှိ မြန်မာနိုင်ငံရဲနိုင်ငံရေး အပြောင်းအလဲပေါ်အခြေခံပြီး ညီအစ်ကိုမဟာမိတ်များနဲ့ လက်တွဲပူပေါင်း ဆောင်ရွက်သွားရန်ဖြစ်တယ်။ NSCN- K အဖွဲ့က Socialist (Leninist Marxist) မူကို ယနေ့တိုင် ကျင့်သုံးနေသေးတာကြောင့် အရှေ့နာဂ ပြည်သူလူထုတွေရဲ့ အားပေးထောက်ခံမူ နည်းပါးလာခြင်း ဖြစ်တယ်။ ဒါကြောင့် ယခု မိမိတို့ ENNO/ENDA ကို ဖွဲ့စည်းလာရခြင်း ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ ENDA မှာ အင်အားဘယ်လောက်ထိ ရှိလာပြီလဲ။ ENDA ကိုကော နာဂပြည်သူတွေ အသိမှတ်ပြု လက်ခံနေပြီလား ။ လက်မခံသေးရင် ဘာကြောင့်လဲ၊ လက်ခံထားတာတွေ ရှိနေပြီဆိုရင် ဘယ်အတိုင်းအတာထိ လက်ခံနေကြပြီလဲ။

ဖြေ။ ။ ENNO/ENDA အဖွဲ့က အရှေ့နာဂပြည် (Eastern Nagaland) ကို လွမ်းခြုံနိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အရှေ့နာဂပြည် (Eastern Nagaland) ဒေသများအားလုံး ENDA တပ် ရှိကြောင်း၊ ပြည်သူအများအားဖြင့် လက်ခံထားရှိသောအဖွဲ့ ဖြစ်တယ်။ ရာခိုင်နူန်းအားဖြင့်ဆိုလျှင် 80% သော ပြည်သူများက မိမိတို့အစိုးရကို သိရှိလက်ခံထားတယ်။ စစ်အင်အားကတော့ ခုလက်ရှိတည်ဆောက်ဆဲကာလ ဖြစ်ပါတယ်။

မေး။ ။ ENO/ENDA တည်ထောင်နေတဲ့ကာလတလျှောက် ဘယ်အရာက အဓိကစိန်ခေါ်မှုတွေရှိနေပါလဲ။

ဖြေ။ ။ ENNO/ENDA အဓိက စိန်ခေါ်မူက ဆက်သွယ်ရေး ENNO အစိုးရအသံ မရောက်နိုင်ခြင်းနဲ့ အရှေ့နာဂပြည်မှာ ပြည်ပမှလာတဲ့ လူမူကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မချိတ်ဆက်နိုင်တာတွေက စိန်ခေါ်မူကြီး ဖြစ်ပါတယ်။

မေး။ ။ ENNO/ENDA တည်ထောင်ခြင်းအားဖြင့် နာဂလူမျိူးအတွက် ဘာကောင်းကျိုးတွေ ရှိလာနိုင်ပါလဲ။

ဖြေ။ ။ နိုင်ငံရေး၊ လူမူစီးပွားရေး၊ လူတစ်ဦးတစ်ယောက်အခွင့်အရေး၊ အကြီးမားဆုံးကတော့ နိုင်ငံရေး လွတ်လပ်‌ခွင့်နဲ အမျိုးသားရေး အကျိုးအမြတ်‌များ ဖြစ်ပါတယ်။

မေး။ ။ ENNO, ENDA အနေနဲ့ နာဂလူထုရဲ့ ယုံကြည်မှုရအောင် ဘာတွေလုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ။ ။ လက်ခံလာဖို့၊ ဒေသနဲ့ကိုက်ညီသောမူ၊ ပေါ်လစီ၊ ပြည်သူလူထုအားလုံး ပါဝင်နိုင်သောမူဘောင်၊ ပြည်သူဆန္ဒကို အသာပေးစိစစ်လုပ်ဆောင်မူမျိုးကို လုပ်ဆောင်သွားမှာပါ။

မေး။ ။ ဖြည့်စွက်ပြောချင်တာ ရှိပါလား။

ဖြေ။ ။ မရှိပါဘူး။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here