ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦး ထက်မနည်း ထပ်မံထိခိုက်သေဆုံးခဲ့ပြီ နေအိမ် ၁၀ အိမ်ခန့် ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေထံမှ သိရသည်။
ဒီဇင်ဘာ ၇ ရက်နေ့ တညလုံးထိ နမ့်ဖတ်ကာစစ်တပ်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ မနက်ပိုင်း အထိ လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးနဲ့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရသည်။
နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦး “ ၆ ရက်နေ့ ညနေပိုင်းက လေယာဉ် ၂ စီးနဲ့လာပြီး သူတို့တပ်ထဲက မိန်းမတွေနဲ့ မိသားစုဝင်တွေကို လာခေါ်ထုတ်တယ်။ အဲ့ဒီအချိန် လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးက နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်တစ်ခုလုံး ဗုံးကြဲသွားတယ်။ နေအိမ်တွေ အများကြီးပျက်စီးသွားတယ်။ လူက ၂ ဦး ထိတယ်။ အဲ့ဒီနောက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ အဲ့ဒီမှာ လူထပ်ပြီး ထိတယ်။ စစ်တပ်က လက်နက်ကြီးမပစ်တဲ့အချိန်ကိုမရှိဘူး ခုလည်းဆက်တိုက် ပစ်နေတုန်းပဲ” လို့ ပြောသည်။
ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ တပ်စခန်းထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို လာခေါ်တဲ့ လေယာဉ် ၂ စီးရောက်လာချိန်မှာလည်း လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးကနေ နမ့်ဖတ်ကာကျေးရွာထဲကို ဗုံးဆက်တိုက် ကြဲချခဲ့တာလို့ သူက ဆက်ပြောပြသည်။
အခုလို လေယာဉ်ဗုံးကြဲခံရတာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီး သွားတဲ့အပြင် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တဆက်တည်းပင် ယင်းည ၁၁ နာရီခန့်၌ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံရမ်းသမ်းပစ်ခတ် ခဲ့တာကြောင့် နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်ကို ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း တနေ့လုံးနီးပါး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသားတစ်ဦးထပ်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
“တနေကုန်လက်နက်ကြီးပစ်လို့ ညနေပိုင်း ၄ နာရီခွဲမှာတော့ လူပြန်ထိတယ်။ ဆေးရုံကို ခေါ်သွားတယ်။ ၆ နာရီ လောက်မှာတော့ သေဆုံးသွားပြီ။ ပြီးခဲ့တဲ့နေ့လည်း လေယာဉ်နဲ့ သူတို့တပ်ထဲကလူတွေကို လာခေါ်ထုတ်ရင်း တစ်ရွာလုံးကို ဗုံးကြဲလို့ ပြည်သူထိတယ်။ အိမ်တွေလည်း အများကြီး ပျက်စီးသွားပြီ” ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောပါသည်။
လက်ရှိ၌ နမ့်ခမ်းမြို့ဘက်တွင် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး နမ့်ဖတ်ကာ စစ်တပ်စခန်ကုန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောဆိုသည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့ကနေ လက်ရှိချိန်ထိ ၁ လကျော် ကာလအတွင်း နမ့်ဖတ်ကာစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာဒေသခံ အရပ်သားစုစုပေါင်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
KNG ပေးပို့သည်။