မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနဲ့ ချောင်းနှစ်ခွ တံတားဂိတ်ကို တော်လှန်ရေး အင်အားစုတွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျိုက်မရောမြို့နယ် အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။
တိုက်ပွဲတွေဟာ ဒီဇင်ဘာလဆန်းပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာလည်း ရှိနေတဲ့အတွက် ဒေသတွင်းပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
ဒါ့အပြင် တိမ်းရှောင်ထွက်ပြေးပြီး ဒေသတွင်းမှာ ခိုလှုံနေကြတဲ့သူတွေကို ခေတ္တထွက်ခွာသွားပေးဖို့ တော်လှန်ရေး အင်အားစုဘက်က အသိပေးပြောဆိုနေတာလည်း ရှိနေတဲ့အတွက် ဒေသတွင်းမှာ တိုက်ပွဲတွေ ထပ်ပြီးပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြနေပါတယ်။
လက်ရှိ ကျိုက်မရောမြို့နယ်အတွင်းက အခြေအနေ၊ စစ်ရှောင်ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံစစ်ရှောင်တချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ဗိုလ် (ကျိုက်မရောဒေသခံ)
အခြေအနေကတော့ အခု ငြိမ်သက်နေတယ်။ ဒါပေမယ့် ငြိမ်သက်နေတာက အကောင်းလား အဆိုးလားတော့ မသိနိုင်ဘူး။ သူတို့ (စစ်တပ်၊ တော်လှန်ရေးအင်အားစု) တပ်တွေကို ရုတ်သိမ်းမသွားဘူးဆိုရင် ကျနော်တို့ရွာရဲ့ အခြေအနေက စိတ်ချလို့ မရသေးဘူး။ အခုကတော့ လောလောဆယ် ပျားတောင်ဘက်မှာတော့ နေလို့ မရတော့ဘူး။ ပျားတောင်ဂူမှာ ပုန်းခိုနေကြတဲ့သူတွေ အကုန်လုံး ထွက်လာကုန်ပြီ။ တချို့ကတော့ သုမနရာမ ဘုန်းကြီးကျောင်းကို ရောက်သွားကြတယ်။ အချို့က ကော့ပလိုင်ဘုန်းကြီးကျောင်း ရောက်သွားတယ်။ ရွာရဲ့အခြေအနေကတော့ သွားတာလာတာတော့ နဲနဲပါးပါးရှိနေတယ်။ အရေးကြီးမှ အိမ်ကနေ ထွက်ကြတယ်။ အရေးမကြီးရင် ဘယ်သူမှလည်း လမ်းပေါ်ထွက် မသွားလာကြဘူး။ ပြီးတော့ အခြေအနေ မငြိမ်သက်နေတော့ လယ်ထဲမှာ စပါးတွေ ရိတ်လို့ရနေပေမယ့် သွားမရိတ်ရဲဘူး။ ပြောရရင် မြေပြင်မှာ မနေရဲဘူး။ အကာအကွယ် ခိုင်ခိုင်ခန့်ခန့် ရှိတဲ့နေရာမှာ နေနေရတယ်။ ဘယ်အချိန် (လက်နက်ကြီး၊ ဗုံး) ကျလာမလဲ။ ဘယ်နေရာမှာ ကျလာမလဲ မသိနိုင်ဘူးလေ။ စစ်ရေးအခြေအနေက ရှုပ်ထွေးနေသေးတော့ ရွာပြန်လို့ မသင့်သေးဘူးလို့ မြင်တယ်။ ပြီးတော့ အခုက သူခိုးတွေလည်း သောင်းကြမ်းလာနေတယ်။ ညညဆိုလည်း ခိုးတာတွေ များလာပေမယ့် ကိုယ့်အိမ်ကိုယ် ကြည့်ဖို့ကလည်း ဘယ်သူမှ အိမ်ပြင်မထွက်ရဲဘူး။
ကျိုက်မရောဒေသခံတစ်ဦး (ထွက်ပြေးတိမ်းရှောင်နေရသူ)
စားဖို့သောက်ဖို့နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးကျောင်းကနေ စီစဉ်ပေးထားတာကတော့ အကုန် အဆင်ပြေနေတယ်။ ဒါပေမယ့် အချို့က ရွာပြန်ချင်ကြတယ်။ ရွာမှာက အဆင်မပြေဘူးလေ အဲလိုတော့ရှိတယ်။ တချို့ပြန်တော့လည်း ပြောရရင် ငွေကြေးခက်ခဲနေတော့ ရွာမှာပြန်နေရင် နဲနဲပါးပါး အလုပ်လုပ်လို့ရတော့ စားဖို့ သောက်ဖို့ ရတာပေါ့။ ဒီမှာနေနေရင် စားရေးသောက်ရေးက အဆင်ပြေတယ်။ ရော်ဘာအပင်ငယ်ငယ် စိုက်ထားတဲ့သူတွေ ခြံသွားဖို့ကလည်း မသွားရဲဘူး။ အချို့ကလည်း ဖရဲသီးစိုက်ထားတာလည်း ပျက်စီးကုန်တယ်။ ခူးချိန်မှာ မခူးနိုင်လို့လေ။ သီးနှံတွေ စိုက်ထားတာ ဘာမှမရလိုက်ဘူး။ နှမျောတယ်လေ ကိုယ်လုပ်ထားတဲ့ဟာတွေ ရင်းထားရတာတွေက တစ်ဦး သိန်း ၅၀/၆၀ လောက် ရင်းထားတာလဲရှိတယ်။ သိန်း ၈၀ လောက် ရင်းထားတဲ့ လူတွေလည်း ရှိတယ်။ လယ်လုပ်ထားတဲ့လူတွေကလည်း အများကြီးရင်းထားရတယ်။ ဘာမှ လုပ်လို့ မမီလိုက်ဘူး အကုန်ပစ်ထားရတယ်။
မိသန်းဝေ (ထွက်ပြေးတိမ်းရှောင်နေရသူ)
စိတ်ပူနေရတာပေါ့။ အိမ်ကိုလည်း စိတ်ပူရတယ်။ ဒီမှာနေလည်း အဆင်ပြေပါ့မလားပေါ့။ ကိုယ့်အိမ်လည်း မဟုတ်တော့လေ ရွာပြန်ချင်ပေမယ့် ပြန်လို့မရသေးဘူး။ မျိုးစုံ စိတ်ပူနေရတယ်လေ။ ဒီမှာနေတာ စားရေးနေရေး အဆင်ပြေပေမယ့် ကိုယ့်အိမ်နဲ့တော့ ဘယ်တူမလဲ။ ပြီးတော့ ဗုံးလာကြဲမှာလည်း ကြောက်နေရတယ်။ ဗုံးကြဲရင် အိမ်တွေ မီးလောင်မယ်။ အိမ်တလုံးရဖို့က မလွယ်ဘူးလေ။ ဗုံးတွေ လက်နက်ကြီးတွေကလည်း အိမ်ဘေးနားမှာပဲ ကျနေတော့ မနေရဲဘူးလေ။ အခုက ပျားတောင်ဘက်မှာ ထွက်သွားခိုင်းနေတယ်။ သူတို့ (တော်လှန်ရေးအင်အားစု) မပေးနေဘူး။ ဒါကြောင့် ရွာမှာ နေလို့မရတော့ဘူး။ ကြာလာတော့ တွေးရင်း ငိုချင်လာတယ်။ ဒီအချိန်ပဲ ရော်ဘာအစေးခြစ်လို့ ကောင်းတာ။ ရော်ဘာကနေ နဲနဲပါးပါး စုဆောင်းမိမလားပေါ့၊ အခုတော့ ဒီလိုဖြစ်နေတော့ ဒီအတိုင်းပစ်ထားရတယ်။
IMNA ပေးပို့သည်။