“မင်းအောင်လှိုင်အနေနဲ့ စစ်မှုမထမ်းမနေရဆိုတဲ့ လမ်းစဥ်ကို သူကကျင့်သုံးချင်တယ်။ ပြည်သူရဲ့တုံ့ပြန်မှု အဆိုးနဲ့အကောင်း ဘယ်လောက်ဖြစ်လာနိုင်လဲဆိုတာကို သုံးသပ်ချင်တဲ့ အတွက်ကြောင့်မို့ ဦးရွှေမင်းကို အသုံးချပြီးမှ ကျနော်တို့လီဆူတွေကို အစမ်းသပ်ခံအနေနဲ့ ဒီကိစ္စ စတင်လိုက်တယ်လို့ မြင်သလို တနည်းအားဖြင့် လီဆူလူမျိုးတစ်မျိုးလုံးကို အထင်သေးပြီးမှ လုပ်လိုက်တဲ့လုပ်ရပ်ဖြစ်တယ်” ဦးအာတီယောဟန်- လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း

By MPM 29 နိုဝင်ဘာ, 2023 👁

လီဆူလူမျိုးများ စစ်မှုမထမ်းမနေရလို့ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့အမိန့်ထုတ်ပြန်တဲ့အပေါ် လီဆူတိုင်းရင်းသား ရေးရာဝန်ကြီးဟောင်းဦးအာတီယောဟန်နဲ့ မေးမြန်းချက်။

ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိ စာရင်းသွင်းတာမရှိရင် နေအိမ်အထိ လာရောက်စုဆောင်းသွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့အောက်တိုလာ ၃၀ ရက်နေ့က ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ခဲ့ ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံဖြစ်တဲ့ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်နေ့ အထိ စာရင်းလာသွင်းကြဖို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီတပ်သား စုဆောင်းတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့ကစတင်ပြီး လီဆူလူမျိုးတွေနေထိုင်တဲ့ ဒေသတစ်ခုပြီး တစ်ခုမှာ လုပ်ဆောင်သွားမယ်လို့ ဖြေဆိုခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း လီဆူလူမျိုးစုအကြား ဝေဖန်မှုတွေ မြှင့်တက်ခဲ့ပြီးတော့ ဒီရက်ပိုင်းမှာလည်း ဝိုင်းမော်မြို့နယ်အတွင်း တပ်သားစုဆောင်းမှုတွေ လုပ်ဆောင်တာတွေရှိတယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့အခုလို လီဆူလူမျိုးတွေအပေါ် စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်တဲ့အပေါ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်းဖြစ်တဲ့ ဦးအာတီယောဟန်ရဲ့အမြင်သဘောထားကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဦးရွှေမင်းပြည်သူ့စစ်က လီဆူလူမျိုးတွေအပေါ် တပ်သားသစ်စုဆောင်းတာကိုထောက်ခံပါသလား။ ဘာ့ကြောင်မထောက်ခံတာပါလဲ။

ဖြေ။ ။ ဦးရွှေမင်းအနေနဲ့ လီဆူလူငယ်တွေကို အတင်းအဓမ္မတပ်သားစုဆောင်းတာကို ကျနော်တို့ လီဆူတစ်မျိုးသားလုံးအနေနဲ့ ထောက်ခံမှုမရှိပါဘူး။ သူ့ရဲ့သစ္စာခံတချို့ပဲ အနည်းအကျဥ်းတော့ ထောက်ခံကောင်း ထောက်ခံလိမ့်မယ်။ ဘာ့ကြောင်မို့ မထောက်ခံဘူးလဲဆိုတာတော့ ကျနော်တို့လီဆူလူမျိုးတွေရဲ့ ပင်ကိုယ်စရိုက်က ငြိမ်းချမ်းမှုကို လိုလားတဲ့လူမျိုးဖြစ်တယ်။ ဘာသာရေးဘက်မှာ အားသန်တယ်။ ဒါ့ကြောင့်မို့ လီဆူလူမျိုးအနေနဲ့ လုံးဝထောက်ခံမှု မရှိဘူးလို့ ကျနော်ရဲရဲပြောနိုင်တာ ဖြစ်ပါတယ်။

မေး။ ။ ဦးရွှေမင်းအနေနဲ့ မြန်မာနိုင်ငံလီဆူစစ်တပ်ဖွဲ့စည်းဖို့ အတင်းအဓမ္မထုတ်ပြန်တာ ဘာ့ကြောင့်လို့ မြင်ပါလဲ။

ဖြေ။ ။ အခုလက်ရှိ စစ်ကောင်စီမှာ စစ်အင်အားမရှိတော့ဘူး။ ဒါ့ကြောင့် စစ်ကောင်စီထောက်ခံတဲ့ ပါတီနိုင်ငံရေး ပြည်သူတချို့ကို မင်းအောင်လှိုင်အနေနဲ့ စစ်မှုမထမ်းမနေရဆိုတဲ့ လမ်းစဥ်ကို သူကကျင့်သုံး ချင်တယ်။ ပြည်သူရဲ့တုံ့ပြန်မှု အဆိုးနဲ့အကောင်း ဘယ်လောက်ဖြစ်လာနိုင်လဲဆိုတာကို သုံးသပ်ချင်တဲ့ အတွက်ကြောင့်မို့ ဦးရွှေမင်းကို အသုံးချပြီးမှ ကျနော်တို့လီဆူတွေကို အစမ်းသပ်ခံအနေနဲ့ ဒီကိစ္စ စတင်လိုက်တယ်လို့ မြင်သလို တနည်းအားဖြင့် လီဆူလူမျိုးတစ်မျိုးလုံးကို အထင်သေးပြီးမှ လုပ်လိုက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ဦးရွှေမင်းက လီဆူလူမျိုးစုတွေကိုစုဆောင်းတာ စစ်ကောင်စီရဲ့တပ်သားလိုအပ်ချက်နဲ့ ဆက်စပ်မှုရှိနိုင် ပါလား။

ဖြေ။ ။ ဟုတ်ကဲ့၊ ဆက်စပ်မှုရှိနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီထဲမှာ တချို့က CDM လုပ်သွားတယ်။ တစ်ချို့က တိုက်ပွဲမှာကျတယ်။ တစ်ချို့က CDM စာရင်းမဝင်ဘဲနဲ့ ဘေးလွှတ်ရာကို ရှောင်ကြတယ်။ အဲ့ဒါကြောင့် စစ်ကောင်စီလက်ထဲမှာ လုံးဝအင်အားချည့်နဲ့နေပြီးမှ တပ်သားလိုအပ်ချက်တွေ အပြည့်အဝရှိနေတဲ့အတွက် ဦးရွှေမင်းနဲ့ဆက်စပ်တာမဟုတ်ဘဲနဲ့ လက်တွဲပြီးမှလုပ်နေတာ ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ KIA တပ်ဖွဲ့ကို တိုက်ပွဲဖော်ဆောင်ဖို့ လီဆူစစ်တပ်ဖွဲ့ဖို့ကြိုးစားတဲ့အပေါ်ကို ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ KIA ဆိုတာဟာ ကချင်လွတ်လပ်ရေးတပ်မတော်ဖြစ်တယ်။ ဒီတပ်မတော်ကို ကျနော်တို့ ကချင်မျိုးနွယ်စုရဲ့ လူမျိုးတွေရဲ့ ဘိုးဘွားတွေက ထူထောင်ထားတာဖြစ်တယ်။ ကချင်ပြည်နယ်ကို ကာကွယ်ဖို့ ဖြစ်တယ်။ ကချင်လူမျိုးအားလုံးရဲ့ ကိုယ်စားပြုဖြစ်တယ်။ ကချင်လူမျိုးအာလုံးရဲ့ ရပိုင်ခွင့်အားလုံးကို ထိန်းသိမ်းဖို့ ဖြစ်တယ်။ အရင်ကလည်း ကျနော်တို့ ကချင်မျိုးနွယ်စုထဲကနေ KIA ကို တိုက်ခိုက်မယ်ဆိုတာ အစဥ်အလာ မရှိခဲ့သလို နောင်လည်း ရှိမှာမဟုတ်ဘူး။ အခုလတ်တလော ဦးရွှေမင်းကြွေးကြော်နေတာက သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် ကြွေးကြော်နေတာလို့ပဲ ခံယူပါတယ်။

မေး။ ။ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဝင်တွေ KIA တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေရှိပါတယ်။ ဒါက ကချင်မျိုးနွယ်စုတွေအကြား သွေးကွဲမှုတွေ ဖြစ်စေနိုင်ပါလား။

ဖြေ။ ။ ဦးရွှေမင်းအဖွဲ့အနေနဲ့ KIA ကို တိုက်ခိုက်နေတဲ့အတွက် ကချင်မျိုးနွယ်စုထဲမှာ စိတ်ဝမ်းကွဲမှု လုံးဝမဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးရွှေမင်းရဲ့လုပ်ရပ်တွေကို ကျနော်တို့ လီဆူမျိုးနွယ်စုတွေရဲ့ ထောက်ခံမှုနဲ့ လုပ်နေတာမဟုတ်ပါဘူး။ သူ့ရဲ့ တစ်ကိုယ်တည်းဆုံးဖြတ်ချက်နဲ့ လုပ်နေတဲ့အတွက် စိတ်ဝမ်းကွဲစရာ မရှိပါဘူး။ ကျနော်တို့ KIA / KIO မှာ မူဝါဒအရ ဗိုလ်ချုပ်ဂွန်မော်ပြောတဲ့စကားတစ်ခုရှိပါတယ်။ ကျနော်တို့သည် မျိုးနွယ်စုဖြစ်တယ်၊ ညီအစ်ကိုဖြစ်တယ်၊ ညီအစ်ကိုအချင်းချင်း သွေးမစွန်းစေရဘူးဆိုတာ ကျမ်းစာထဲမှာ ရှိတယ်တဲ့။ ဒါ့ကြောင့် ကျနော်တို့ကို လက်နက်နဲ့တိုက်ခိုက်လာတဲ့သူဟာ ညီအစ်ကိုမဟုတ်ဘူး၊ ရန်သူဖြစ်တယ်။ အဲ့ချိန်မှ ရန်သူလို့သတ်မှတ်ရမယ်။ ဒါ့ကြောင့်မို့ ဒီလူကြီးတွေရဲ့အမြင်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ဦးရွှေမင်း တိုက်ခိုက်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ကချင်မျိုးနွယ်စုတွေထဲမှာ လုံးဝစိတ်ဝမ်းကွဲစရာ မရှိပါဘူးလို့ ကျနော်ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဦးရွှေမင်းပြည်သူ့စစ်က လီဆူလူငယ်တွေကို တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမယ် ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ လီဆူပြည်သူလူထုတွေကို ဘာများအသိပေး ပြောကြားလိုပါလဲ။

ဖြေ။ ။ ချစ်ခင်လေးစားရတဲ့ လီဆူပြည်သူများကို ကျနော့အနေနဲ့ သတိပေးစရာတစ်ခု ရှိပါတယ်။ အခု စစ်ကောင်စီလက်ပါးစေတွေဟာ သူတို့ထင်ရာစိုင်းလုပ်နေတဲ့ကာလ ဖြစ်တယ်။ မနေ့ကဆိုရင် လီဆူအိမ်တစ်အိမ်မှာ ဝင်လာပြီးမှ ကလေးမွေးထားတာ တစ်ပတ်ပဲရှိသေးတဲ့ အမျိုးသမီးတစ်ယောက်ကို အတင်းအဓမ္မဖမ်းဆီးသွားတယ်လို့ ပြောတယ်။ ဖမ်းတဲ့အခါမှာလည်း KIA တပ်ဖွဲ့က ဖြစ်တယ်ဆိုပြီး ပြောသွားတယ်တဲ့၊ ဒီနေ့ပြန်စုံစမ်းကြည့်တဲ့အခါကျ ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့တွေက ဖမ်းထားတယ်ဆိုတာ တွေ့ပြီဆိုပြီး သတင်းပို့လာတယ်။ ဒါ့ကြောင့်မို့ သူတို့ဟာ မကြာခင်မှာ ဒီထက်ပိုပြီး ပြင်းထန်တဲ့လုပ်ရပ်တွေ ပိုပြီးမှလုပ်လာလိမ့်မယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကို နာမည်ပျက်အောင် အမျိုးမျိုးလုပ်လာလိမ့်မယ်။ အသွားအလာ သတိနဲ့နေကြပါလို့ ပထမတစ်ချက်ပြောချင်ပါတယ်။

ဒုတိယအနေနဲ့ သတင်းစကားပါးချင်တာတော့ ကျနော်တို့ လီဆူပြည်သူတွေ ဆုတောင်းပေးနေတဲ့ တော်လှန်ရေး တိုက်ပွဲဟာ အောင်မြင်ဖို့ လက်တစ်ကမ်းမှာပဲ ရှိနေပြီ။ အခုလက်ရှိ စစ်ကောင်စီလက်ပါးစေတွေ ပြည်သူတွေကို အနှောင့်အယှက်ပေးပြီးမှ အိမ်မှာနေလို့မရတဲ့မိသားစုတွေကို ကျနော်တို့တော်လှန်ရေးခေါင်းဆောင်များနဲ့ တိုင်ပင်ပြီးမှ လုံလုံခြုံခြုံထားနိုင်ဖို့အတွက် စီစဥ်နေပါပြီ။ ဒါ့ကြောင့်မို့ လူကြီးလူငယ်မရွေး စစ်ကောင်စီ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် အိမ်မှာနေလို့မရရင် ကျနော်တို့နဲ့ဆက်သွယ်ပါ။ ဆက်သွယ်လာတဲ့ မိသားစုဝင်တစ်ဦးတစ်ယောက် သို့မဟုတ် လူငယ်အားလုံးကို လုံလုံခြုံခြုံထားပေးဖို့ ပြင်ဆင်နေပါပြီလို့ သတင်းစကား ပါးချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

KNG ပေးပို့သည်။