ကြားကာလကရင်နီပြည်ရဲ့ တရားစီရင်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ကရင်နီပြည်နယ် အမှတ် (၂) တရားရေးရုံး၊ တရားသူကြီး ဒေါ်အန်းဂျလာနဲ့ ဆက်သွယ်မေးမြန်းချက်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်နိုင်ဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကို ဖွဲ့စည်းပြီးနောက် ကြားကာလကရင်နီပြည် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ကို ဖွဲ့စည်းထားသလို ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။
ဒီလိုဆောင်ရွက်နေတာတွေထဲက တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေကြလဲ၊ ဒေသန္တာရ တရားစီရင်ရေး ကျင့်သုံးနေတဲ့ ကရင်နီပြည်ရဲ့ တရားစီရင်ရေးကဏ္ဍ၊ တရားရုံးအခြေအနေ၊ တရားစီရင်ရေး အပိုင်းမှာ ကြုံနေရတဲ့အခက်အခဲတွေက ဘာတွေလဲ။ ဒါတွေနဲ့ ပတ်သတ်ပြီး ကရင်နီပြည်နယ်ရဲ့ အမှတ် ၂ တရားရေးရုံး၊ တရားသူကြီး ဒေါ်အန်းဂျလာကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အခုဖွဲ့စည်းလိုက်တဲ့ တရားစီရင်ရေးအဖွဲ့က ပြည်နယ်အနေနဲ့ ပြောရမလား၊ ဖရူဆိုတစ်မြို့နယ်လုံးကို လွမ်းခြုံတာပဲလား ဒါမှမဟုတ် အနောက်ဘက်ခြမ်းတစ်ခုပဲလား။
ဖြေ။ ။ လောလောဆယ် ဒီတရားရေးရုံးကို အမှတ် ၁၊ အမှတ်၂ အဲ့လိုပုံစံနဲ့ သွားတယ်။ အဲ့တော့ အမှတ် ၁၊ အမှတ် ၂ နဲ့ပဲ သွားသေးတယ်။ မြို့နယ်ကို ကိုယ်စားပြုတာတွေလည်း မဟုတ်ဘူးပေါ့။ ပြည်နယ်တရားရေး အမှတ် ၂ ဖြစ်သွားမယ်။ အမှတ်၂ ကိုကြတော့ ဒီဟိုယာမှာထားတယ်။ ဒီဖရူဆိုအရှေ့အနောက် အကုန်လုံးက ဒီအမှတ် ၂ ကို လာလို့ရတယ်။ ဒီမှာ လာလို့ရတယ်။ ကျမတို့ အကုန်လုံးကိုလွမ်းခြုံတယ်။ ပြီးရင် အမှတ် ၁ က ဒီးမော့ဆိုမှာ ထားတယ်။ ဒီးမော့ဆိုမှာရှိတဲ့ အကုန်လုံးက အဲ့ဒီ အမှတ် ၁ တရားရေးရုံးကို သွားလို့ရတယ်။ အဲ့လိုမျိုးပေါ့။
မေး။ ။ တရားရုံးက ဘယ်လိုပုံစံမျိုးပါလဲ။ တစ်ရုံးတည်း ရှိတာလား။
ဖြေ။ ။ ပြီးရင် တရားရုံးချုပ်ဆိုတာရှိတယ်။ ခရိုင်လို့ ပြောရမှာပေါ့နော်။ နောက်တစ်ခုပေါ့ အပေါ်ရုံး၊အောက်ရုံး ပုံစံမျိုးပေါ့ ရှိတယ်။ သူ့အချုပ်ကတော့ ရှိတယ်။ အဲဒါကြတော့ တစ်နေရာရာမှာ သူတို့ထားလိုက်တယ်။ ဘယ်သူမဆို အမှတ် ၁ ဖြစ်ဖြစ်၊ ၂ ဖြစ်ဖြစ် လာလို့ရတယ်။ သူ့ဟာက အဲ့လိုလွမ်းခြုံသွားတယ်ပေါ့။ အဲ့လိုနဲ့ပဲ သွားသေးတယ်။ ဘာဖြစ်လို့လဲဆို ဥပမာ-ဖရူဆိုလို့ ပြောလိုက်ရင်လည်း နောက်ကျရင် ဖရူဆိုမြို့နယ်က ဘယ်လိုမျိုး ဘယ်နှစ်မြို့နယ် ရှိမယ်ဆိုတာလည်း မသိသေးဘူး။ အနောက်ခြမ်း ပြောရအောင်လည်း ဒါကအကုန်လုံးကို လွမ်းခြုံစေချင်တဲ့အတွက်ကြောင့် ရှုပ်ကုန်မှာစိုးလို့ အမှတ် ၁ နဲ့ အမှတ် ၂ အဲ့လိုပဲ သွားလိုက်တယ်။
မေး။ ။ ဒီတရားရေးအဖွဲ့ကို ဘယ်သူကဖွဲ့စည်းပေးတာပါလဲ။ IEC ကလား၊ ဘယ်လိုပုံစံမျိုး ခန့်အပ်ထားပါလဲ။
ဖြေ။ ။ ဟုတ်တယ် တရားရေးကိုကျတော့ ဝန်ထမ်းလို့ ပြောရမှာပေါ့နော်။ တရားသူကြီးတို့ ဘာတို့ကျတော့ IEC က ခန့်အပ်ပေးတယ်ပေါ့နော်။ ဒါပေမယ့် တရားစီရင်ရေးအပိုင်းကိုတော့ သူတို့က ဝင်ရောက်စွက်ဖက်တာမျိုးတော့ လုပ်လို့မရဘူး။ ကိုယ့်ဟာနဲ့ ကိုယ်ပဲပေါ့နော်။ သူတို့က အဓိက ခန့်အပ်ပေးတာ တစ်ခုပဲပေါ့နော်။
မေး။ ။ နောက်မေးခွန်းတစ်ခုက တရားစီရင်ရေး အပိုင်းနဲ့ပတ်သက်ပြီး တခြားဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုးရှိပါလဲ။
ဖြေ။ ။ အခု တရားရေးသီးသန့်ပဲ သွားလိုက်တယ်။ သူ့ဟာနဲ့သူ ရှိတယ်ပေါ့နော်။ တရားရုံးဆိုတာလည်း ရှိတယ်။ အဲ့ဒီအောက်ကနေပြီးတော့ ကိုယ့်ဟာကိုယ်ပဲ သွားလိုက်တယ်။ သေချာတာကတော့ KSP (ကရင်နီပြည်ရဲတပ်ဖွဲ့) နဲ့တော့ ချိတ်ဆက်ဆောင်ရွက်နေရတာပဲလေ။ KSP ကနေ အမှုကို တိုင်တန်းလာပြီဆိုရင် လုပ်ပေးတယ်။ အဲ့လိုမျိုးပေါ့။
မေး။ ။ ဆိုတော့ အခုတရားစီရင်ရေး လုပ်နေတဲ့အဖွဲ့ကို ဘယ်လိုခေါ်ရမလဲ။ ဘယ်လိုခေါ်ကြလဲ။
ဖြေ။ ။ ဟုတ် တရားသူကြီးအဖွဲ့ပေါ့နော်။ တရားရေးရုံးမှ တရားသူကြီးအဖွဲ့။ ပြည်နယ်တရားရေး အမှတ် ၂ အဲ့လိုမျိုးပေါ့။
မေး။ ။ အမှတ် ၂ တရားရုံး စတင်လည်ပတ်ပြီးတဲ့နောက်ကနေ အခုချိန်ထိ အမှုဘယ်နှစ်ခုလောက် ရှိပြီလဲ။ ဖြစ်ပွားခဲ့တဲ့ အမှုတွေထဲမှာ ဘယ်လိုအမှုတွေ အများဆုံးဖြစ်မလဲ။
ဖြေ။ ။ အမှုကတော့ စီရင်ချက်ချတာကတော့ ၂ ခုရှိသွားပြီပေါ့နော်။ စစ်ဆေးနေသေးတာကတော့ တစ်ခုရှိတယ်၊ ခိုးမှုက ၂ ခုရယ်၊ အိမ်တွင်းအကြမ်းဖက်မှုရယ် ကလေးအမှုရယ်ဆို ၄ မှုလောက် ရှိတယ်။ ခိုးမှုက များတယ်။ စီရင်ချက်ချတာက ၂ မှု ပြီးသွားပြီ။ စစ်ဆေးနေသေးတာက တစ်မှု ရှိဦးမှာပေါ့နော်။
မေး။ ။ တရားစီရင်ရေးအပိုင်းမှာ အဓိကကြုံတွေ့ရတဲ့ အခက်အခဲက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ လောလောဆယ် ဒီအဖွဲ့တွေက စစချင်းလုပ်တယ်ဆိုတော့ အခက်အခဲတွေတော့ အဓိက စာရွက်စာတမ်းတွေ မစုံလင်တာရယ်၊ နောက် တရားသူကြီးတွေက သူတို့နားလိုက်တာကြာပြီဆိုတော့ သူတို့ ပြန်စလုပ်တဲ့အခါ မှာ အမှားအယွင်းတွေ ရှိနိုင်တယ်။ အခက်အခဲတွေတော့ ကြုံတွေ့ရတယ်။ နောက်ပြီးတော့ ရုံးလည်ပတ်ရေးကိစ္စပေါ့နော် ဟိုဟာလည်းမရှိ၊ ဒီဟာလည်းမရှိ ဖြစ်နေတယ်။ ဥပမာ ရုံးအတွက်သုံးမယ့် ခုံတို့၊ စားပွဲတို့ စသဖြင့် ဒါတွေကလည်း အရမ်းခက်ခဲနေတယ်ပေါ့နော်။ ဆိုတော့ သွားငှားလိုက်၊ ခဏလေး သုံးလိုက်၊ သွားပြန်ပို့လိုက်နဲ့ အဲ့လိုမျိုးတွေလုပ်ရတာတွေ ရုံးလည်ပတ်ရေးက ရှိနေတော့အဆင်မပြေဘူး။ ပစ္စည်းတွေပေါ့ နော်။ အဲ့ဒါ တစ်ခုရယ်။
နောက်ပြီးတော့ စာရွက်စာတမ်းတွေဆိုလည်း အမျိုးမျိုးလိုတယ်။ ဥပမာ တရားရေးရုံးသုံးတဲ့ လုပ်ထုံးလုပ်နည်း စာရွက်စာတမ်း ပုံစံတွေကစ ဒါတွေအကုန်လုံးက အစက ပြန်ရှာနေရတော့ အဲ့လိုအခက်အခဲတွေကအစ ရှိတယ်။ နောက်ပြီးတော့ တရားရုံးအဖွဲ့တွေ တရားသူကြီးတွေ သွားလာဖို့ အခက်အခဲတွေပေါ့နော်။ ခရီးစရိတ်တို့လား ဘာညာ အဲ့လိုမျိုးကအစ အခက်အခဲအများကြီး ရှိတယ်။ စစချင်းလုပ်တော့ အဲ့လိုတော့ အခက်အခဲရှိတယ်။ အဓိကတော့ အရည်အချင်းပေါ့။ နားလိုက်တာ ကြာပြီဆိုတော့ အခုမှ ပြန်စရတော့ အခက်အခဲတွေတော့ ကြုံတွေ့နေရတာပေါ့။
မေး။ ။ တရားရုံးကနေ အပြီးသတ် အမိန့်ချပြီးတော့ ချပြီးတဲ့အမှုတွေကိုရော အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ ဘယ်အဖွဲ့အစည်းက ဆက်ပြီးလုပ်ဆောင်ပေးနေပါလဲ။
ဖြေ။ ။ စီရင်ချက်ချလိုက်တော့ ပြစ်ဒဏ်တွေချပြီး KSP (ကရင်နီပြည်ရဲတပ်ဖွဲ့) လက်ထဲပဲ ပြန်ရောက်တယ်။ KSP ရဲ့ ထောင်ကိုပို့၊ အဲ့လိုမျိုးပေါ့။
မေး။ ။ နောက်ထပ်သိချင်တာက ဆရာမတို့ရဲ့ တရားစီရင်ရေးအဖွဲ့၊ တရားသူကြီးအဖွဲ့က ပြစ်မှုကျူးလွန်တဲ့ ပြည်သူတို့ကိုပဲ အရေးယူဆောင်ရွက်တာမျိုးလား၊ KNDF တို့လို ကာကွယ်ရေးတပ်ဖွဲ့တွေကိုရော ပြစ်မှုကျူးလွန် တာမျိုးရှိရင် အရေးယူမှု လုပ်ပေးပါလား။
ဖြေ။ ။ ဒီတရားစီရင်ရေးအဖွဲ့က ပြည်သူတွေပဲ၊ တခြား KNDF တို့ ကြတော့ သူ့တိုဟာသူတို့ သီးသန့်ရှိတယ်ပေါ့ နော်။ စစ်သုံ့ပန်းတို့ စစ်ဘက်ဆိုင်ရာနဲ့ ဆိုင်တဲ့ဟာကြတော့ သူတို့ဟာနဲ့ သူတို့ပေါ့နော်။ စစ်သုံ့ပန်းတို့ ဘာတို့ဆိုရင် စစ်ရေးစစ်ရာနဲ့ ပတ်သက်တဲ့ဟာကတော့ လက်နက်ကိုင် အစုအဖွဲ့ကနေပြီးတော့ လုပ်ပေါ့။ ဒီတရားရေးက အဓိက ကတော့ ပြည်သူလူထုတွေ အတွက်ပဲပေါ့နော်။ တရားစီရင်ပေးတာမျိုး လုပ်တယ်။ ဥပမာဆိုရင် ထောင်ဆယ်နှစ်နဲ့ အထက်ဆိုရင် ဟိုရုံးချုပ်ကို လွှဲလိုက်တာမျိုးတွေတော့ လုပ်ရတာပေါ့နော်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဒီတရားစီရင်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောဖို့ရှိပါလဲ။
ဖြေ။ ။ အဓိက ကတော့ တရားရေးရုံးနဲ့ ပတ်သက်ပြီးတော့ အကုန်လုံး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်စေချင် တယ်။ ပြည်သူလူထုတွေ အယုံအကြည်ရှိတဲ့ တရားရေးတစ်ခု ဖြစ်လာနိုင်ဖို့အတွက်လည်း ဝိုင်းဝန်းကူညီစေချင် တယ်ပေါ့။ ဥပမာဆိုရင် တရားရေးပိုင်း လိုအပ်လာပြီဆိုရင် ချိတ်ဆက်ဆောင်ရွက်မှု စသဖြင့်ပေါ့နော်၊ ဒီလိုမျိုးတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့၊ ပြည်သူလူထုတွေအတွက် အကောင်းဆုံးဖြစ်တဲ့ တရားရေး ဖြစ်လာဖို့ အတွက်ပေါ့နော် ပူးပေါင်းပါဝင်ပေးဖို့ လက်တွဲပေးဖို့လည်း ပြောချင်တယ်ပေါ့နော်။
NMG ပေးပို့သည်။