မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ရေစကြိုကို ဆက်သွယ်ထားတဲ့ ပန်းတိုင်ခြုံကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများတယ်လို့ Southern YSO PDF တာဝန်ခံက ပြောဆိုသည်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက Southern YSO PDF၊ BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်တော်) နဲ့ Yesagyo Revolution Group (YRG) ပခုက္ကူခရိုင် ရင်း ၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ပြောပါသည်။
အဆိုပါပန်းတိုင်ခြုံဂိတ်စခန်း၌ စစ်ကောင်စီတပ်သား ၂၇ ဦး ရှိပြီး အဲဒီထဲက ၁၆ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကာ ၅ ဦး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ Southern YSO PDF တာဝန်ခံက အခုလို ဆက်ပြောသည်။
“ပြည်သူလူထုကို ပြောချင်တာကတော့ ရှေလျှောက်ကျွန်တော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာမယ်။ ဒီအခြေအနေ တစ်ခုမှာ တိုက်ပွဲဧရိယာနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုက တိုက်ပွဲဧရိယာနဲ့ လွတ်ကင်းအောင်နေပါလို့ အဲဒါလေးတော့ ပြောချင်ပါတယ်” လို့ Southern YSO PDF တာဝန်ခံကိုအောင်မောင်းက ပြောသည်။
ယင်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံမယ့် စစ်ကောင်စီတပ်သားများ ထွက်လာချိန်မှာ ပစ်ခတ်မှုတွေကို ခေတ္တရပ်နားခဲ့ပေမယ့် လက်နက်မချလိုတဲ့ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အပြန်အလှန် တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီအထိုင်စခန်း ဘန်ကာ ၄ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါသည်။
ပခုက္ကူတပ်မ ၁၀၁ မှ စစ်ကူ ၁၀၀ ဝန်းကျင်ဟာ တောလမ်းကနေ ပဇောက်ပုံသဏ္ဍန် စစ်ကူလာတာကြောင့် စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ အချိန်လိုအပ်ခဲ့တာဖြစ်တယ်လို့ Southern YSO PDF တာဝန်ခံ၏ ပြောဆိုမှုအရ သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေသလို စစ်ဘေးရှောင် ပြည်သူတွေရဲ့ နေအိမ်တွေက ငွေနဲ့တန်ဖိုးရှိ ပစ္စည်းတွေကို စစ်ကူလာတဲ့ ပခုက္ကူတပ်မ ၁၀၁ တပ်က ယူဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေထံမှ သိရသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နဲ့ နယ်မြေ ထိစပ်နေတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်နေသလို PDF တွေက မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေ လုပ်ဆောင်မယ်ဆိုတဲ့ သတင်းအမှားတွေ ထုတ်လွှင့်ပြီး ပြည်သူတွေကို ဝါဒဖြန့်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေပြောဆိုမှုအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။