ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ စတင်အကောင်အထည်ဖော်

0
374
ပုံစာ - ရိခေါဒါရ်မြို့။

ချင်းကာကွယ်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်မြောက်ပိုင်းက ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် CDF – Hualngoram တို့ ပူးတွဲ၍ စတင် ဖော်ဆောင်နေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA က သတင်းထုတ်ပြန်သည်။

“ပထမဆုံး ရိခေါ်ဒါရ်ကနေ တဖက်ကို စစ်ဘေးရှောင်တဲ့ ပြည်သူလူထုတွေကို လုံလုံခြုံခြုံနဲ့ ပြန်ဝင်နိုင်အောင် လုပ်ပြီးတော့ သူတို့ကအားလုံးနီးပါး ပြန်ဝင်နိုင်ကြပါပြီ။ ကျွန်တော်တို့က သူတို့ရဲ့လုံခြုံရေး၊ နယ်မြေရှင်းလင်းရေး ဘက်မှာ ပြည်သူလူထုအတွက် မိုင်းရှင်းလင်းရေးလုပ်ပြီး ပြည်သူ့အုပ်ချုပ်ရေးကို ကျွန်တော်တို့အနေနဲ့ ဆက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်လာအောင်ဆိုပြီးတော့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ။ မကြာခင်မှာ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်ဖို့ လည်ပတ်ဖို့ လုပ်သွားမှာဖြစ်ပါတယ်” ဟု ချင်းအမျိုးသား တပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေး၊ လူထုလုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးတို့ကို ရှေးရှု့လျက် ဒေသခံများကိုယ်တိုင်ဖော်ဆောင်မည့် ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို မြို့ကိုထိန်းချုပ်ထားနိုင်ပြီး ၁၀ ရက်အကြာ၌ CNF/CNA နှင့် CDF – Hualngoram က ပူးတွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၁၃ ရက်က အိန္ဒိယ – မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရိခေါဒါရ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်း (၂) ခုကို CNF/CNA၊ CDF – Zanniatram ၊ PDA – Tedim၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram တို့က တိုက်ခိုက်သိမ်းပိုက်ပြီး တမြို့လုံးကို ထိန်းချုပ် နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ရှောင်ဒေသခံများ၊ ဒဏ်ရာရ ရဲဘော်များနှင့် ပြည်သူတို့၏ လူမှုအခက်အခဲများကို ကူညီ ဖြေရှင်းပေးသော မီဇိုရမ်ပြည်နယ် အစိုးအပါအဝင် အိန္ဒိယဗဟိုအစိုးရ၊ မီဇိုရမ် ဒေသခံပြည်သူများ၊ လူမှုအသင်းအဖွဲ့များကို အထူးကျေဇူးတင်ရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

ရိခေါဒါရ် မြိုသိမ်းတိုက်ပွဲကို “Rih Operation” အဖြစ် CNA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Ngun Hlei Thang ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း CNA/CNF မှ ရဲဘော် ၅ ဦး၊ PDA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး တခြားရဲဘော် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊၊

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၇ ဦး လက်နက်ချအလင်းဝင်ခဲ့ပြီး တပ်သား ၄၀ ကျော် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here