လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၂၀၄ ဦး လုံခြုံစွာရှိနေကြောင်း KNDF နဲ့ IEC ထုတ်ပြန်

0
399
ပုံစာ - လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမ ဝန်ထမ်းများအား ကယ်ထုတ်စဉ်။

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်တက္ကသိုလ်မှာ ပိတ်မိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့တဲ့ Non CDM ဝန်ထမ်းများ၊ ပါမောက္ခချုပ်အပါအဝင် ၂၀၄ ဦးဟာ လုံခြုံစွာရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တို့က အသိပေးထုတ်ပြန်သည်။

“ကျနော် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အောင်ခင်မြင့်ပါ။ ကျနော် အခုလောလာဆယ် ဒီမှာ ကျနော့်တက္ကသိုလ်က ဆရာ၊ ဆရာမ ဝန်ထမ်း ၁၉၄ ယောက်နဲ့ အတူတူရှိနေပါတယ်။ ကျနော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ကျနော် ဒီမှာ လုံလုံခြုံခြုံ၊ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်ခင်ဗျား” လို့ KNDF က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ဗီဒီဖိုင်မှာ ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်က အထက်ပါကဲ့သို့ ပြောဆိုထားပါသည်။

၁၁၁၁ စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ လွိုင်ကော်မြို့ကို ဝင်ရောက်လာတဲ့ KNDF စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်တက္ကသိုလ်မှာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ တက္ကသိုလ် ဆရာ၊ ဆရာမများ ဝန်ထမ်းများအပါအဝင် မိသားစုဝင်တွေဟာ ကျောင်းဝန်းထဲမှာ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် တက္ကသိုလ်ကျောင်းဝန်းထဲက ဝန်ထမ်းတွေနဲ့ စက်မှုကျောင်းက ဝန်ထမ်းတွေအပါအဝင် ၂၀၄ ဦးတို့ကို လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့ကျချိန်မှာ ဘေးကင်းရာကို ကူညီရွှေ့ပြောင်းပေးခဲ့ကြတာဖြစ်တယ်လို့ IEC က ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ မိသားစုဝင်အားလုံးကို လူသားချင်း စာနာထောက်ထားရေး၊ လူ့အခွင့်အရေးနဲ့အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စတွေကို IEC က ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မြန်မာစာဌာန လက်ထောက်ကထိက ဦးဝေလင်းစိုးက “ကျနော်တို့က လွိုင်ကော်တက္ကသိုလ်မှာ ၁၁ ရက်နေ့ တိုက်ပွဲတွေ စဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့ချိန်မှာလည်း စစ်တပ်က ဝင်ရောက်လာတာကိုလည်း ကျနော်တို့ မသိရဘူးပေါ့နော။ ၁၁ ရက်နေ့ကနေ စပြီးတော့ Main ပင်မဆောင်မှာ ကျနော်တို့ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေ ပါချုပ်အပါအဝင်ပေါ့ ကျနော်တို့အားလုံး ပင်မဆောင်အောက်ထပ်မှာ ကျနော်တို့ ရှိနေကြပါတယ်။ ပြီးတဲ့အခါမှာမှ ပြည်သူ့ရဲဘော်တွေကနေမှ ကျနော်တို့ကိုလာပြီးတော့ ကယ်ထုတ်ပေးတယ်။ ပထမအကြိမ် ကယ်ထုတ်ပြီးတော့ အင်္ဂလိပ်စာဌာန အောက်ထပ်ကို ကျနော်တို့ ရွှေ့ရပါတယ်။ ရွှေ့ပြီးတော့ ထပ်ပြီးတော့ တစ်နေရာကို ထပ်ရွှေ့ ပေးပါတယ်။ အခု ကျနော်တို့ လက်ရှိနေနေတဲ့ နေရာမှာလည်း ကျနော်တို့ အစစအရာရာ အားလုံးအဆင်ပြေ ချောမွေ့ပါတယ်။ ဝတ်စရာကအစ နေစရာစားစရာ အစစအရာရာ အားလုံး အဆင်ပြေ ချောမွေ့ပါတယ်။ ကျနော့်အနေနဲ့ ကျန်ရှိခဲ့တဲ့ မိသားစုအားလုံး ကျနော့်မိသားစုအပါအဝင် လွိုင်ကော်တက္ကသိုလ်ကနေမှ ကယ်ထုတ်ခြင်းခံရတဲ့ ဒီမှာအဖွဲ့တွေ အားလုံးပေါ့ ဝန်ထမ်းတွေအားလုံးအတွက် မိသားစုဝင်တွေ အားလုံး စိတ်ပူနေကြမှာ ဖြစ်တဲ့အတွက် ကျနော်အပါအဝင် ဝန်ထမ်းတွေအားလုံး ၁၉၇ ဦး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဒီမှာရှိနေပါတယ်ဆိုတဲ့ သတင်းစကားလေး ပါးချင်ပါတယ်ခင်ဗျား၊ ကျေးဇူးတင်ပါတယ် ခင်ဗျား” လို့ KNDF က ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်မှာ ပြောဆိုပါသည်။

Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး IEC က နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒတွေကို စီစဉ်ဆောင်ရွက်ထားတာ မရှိသေးတဲ့အတွက်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC ) ရဲ့ CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ ကိုးကားချက်တွေအပေါ် အခြေခံပြီး စီမံဆောင်ရွက်သွားမယ်လို့ IEC ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

တော်လှန်ရေးတပ်တွေက ၁၁၁၁ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ဆင်နွှဲခဲ့ကြပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ၁၁ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here