ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲစခန်း ၂ ခုကို AA ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

0
324

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်စခန်း ၂ ခု ဖြစ်သည့် ချိန်ခါလီစခန်းနှင့် ဒုံးပိုက်စခန်းတို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒုံးပိုက်စခန်း မီးစွဲလောင်နေသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

“မနက်အစောကြီးကတည်းက စပြီးပစ်နေကြတာ။ ချိန်ခါလီစခန်းနဲ့ ဒုံးပိုက်စခန်းကို AA က ဝင်တိုက်နေတာလို့ သိရပါတယ်။ ဒုံးပိုက်စခန်းကိုတော့ ရသွားပြီလို့ ကြားတယ်။ အခု အဲဒီစခန်းကမီးလောင်နေတာ မြင်ရတယ်” ဟု စခန်းအနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်စတင်ခဲ့သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ရခိုင်သို့ စတင် ကူးစက်လာသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA+TNLA+AA) မှ နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားလာနေပြီဖြစ်သဖြင့် ဒေသခံပြည်သူများ အနေဖြင့် အထူးသတိထား သွားလာကြရန်နှင့် ကျေးရွာများ သာမက မြို့ပေါ်များတွင်ပါ ဗုံးခိုကျင်းပြုလုပ်ကြရန် တိုက်တွန်း နိုးဆော်မှုများလည်း ရှိနေသည်။

ယင်းအပြင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာအနီးကို ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေလို့ ဒေသခံများထွက်ပြေးတိမ်းရှောင် နေရသည်ဟု သိရသည်။

ရသေ့တောင်မြို့ရှိ စစ်ကောင်စီ တပ်ရင်း (၅၃၆) တပ်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီ ကျေးရွာအနီးကို လက်နက်ကြီးများဖြင့် နံနက် ၆ နာရီကျော်ခန့်က စတင်ပြီး ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုလည်းပစ်နေတယ်။ အကြိမ် ၁၀ ကျော်ပြီ။ မနက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးဝန်းကျင်ကို လှမ်းပစ်နေတာ။ ဒေသခံတွေလည်း ထွက်ပြေး လာနေကြရပါတယ်” ဟု ဒုံးပိုက်ကျေးရွာသား တစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်၍ ချိန်ခါလီ၊ ဒုံးပိုက် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများမှာ မယူတောင်အနီးရှိ အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင် စသည့် ကျေးရွာများဘက်သို့ ထွက်ပြေးလာနေကြပြီး ထွက်ပြေးလာသည့် လူဦးရေစာရင်း အတိအကျနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို အတိအကျမသိရသေးပေ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here