စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေလို့ ရေးဒေသခံများ စိုးရိမ်ကြောက်လန့်နေကြ

0
326
ပုံစာ- စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ရေးဒေသခံများကြောက်လန့်နေ။

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီအမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေတာကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၇ မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသအနီးဝန်းကျင်ရှိ ကျေးရွာဘက်သို့ လက်နက်ကြီး ၆ လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပစ်တဲ့အသံရော၊ ကျတဲ့အသံရော ကြားတာက ၆ လုံးလောက် ရှိမယ်။ အသံတွေက ကိုယ့်အိမ်ပေါ် ကျသွားသလိုပဲ တော်တော်ကျယ်တာ၊ ကျတာက ရစ်ချောင်းဟိုဘက်ကမ်းဖြစ်တဲ့ ကိုင်းတော၊ နတ်ကျောက်ဘက် ခြံထဲမှာ ၃ လုံး ကျတာ၊ နတ်ကျောက်မှာကျတဲ့အလုံးက လူထိခါနီးပဲ။ ဝယ်ပေါင်ဘက်မှာလည်း ကျတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသ အနီးဝန်းကျင်ရှိ ဝယ်ပေါင်၊ ကျုံလောင်း၊ ကိုင်းတော၊ နတ်တောင်ကျေးရွာ အနီးပတ်ဝန်းရှိ ခြံထဲသို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမှု မရှိခဲ့သော်လည်း ဒေသခံများ အကြား စိုးရိမ်ကြောက်လန့်နေကြသည်ဟု ရစ်ချောင်းဒေသခံတစ်ဦးက ပြောသည်။

“အခုဆို ရွာကလူတွေ တော်တော်လန့်နေကြတယ်။ ဘယ်လောက်ထိ ဖြစ်နေလဲဆို ဗမာစစ်သားတွေ ရွာထဲ ဝင်လာပြီ သတင်းကြားတာနဲ့ ပြေးကြ၊ ပုန်းကြတာ။ သတင်းက မှန်လား၊ မှားလား မသိဘူး။ ပြေးပြီးပဲ အဲလောက်တောင် ဖြစ်နေကြတာ၊ လန့်နေကြတာ” ဟု အဆိုပါရစ်ချောင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် ဒေသခံများ ဥယျာဉ်ခြံနှင့် ရော်ဘာခြံသို့ မသွားရဲကြသလို တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် တချို့ကလည်း အခြားဒေသသို့ ပြောင်းရွှေ့ နေကြသည်လည်းရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းတို့မှ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း စစ်ကောင်စီတပ် ပစ်ခတ်မှု့ကြောင့် အရပ်သားပြည်သူ သေဆုံးမှု ရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်းရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မွန်ဒေသအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကို ဆင်ခြင်ပြီး ထိန်းသိမ်းပေးရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် NCA ၈ နှစ်ပြည့် အခမ်းအနားအပြီး အောက်တိုဘာ ၁၆ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်က တောင်းဆိုခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here