ခမ်းပါတ်မြို့ကို စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက်မြို့အဖြစ် သိမ်းနိုင်ပြီဟု NUG ကြေညာ

0
303
ပုံစာ - ခမ်းပါတ်မြို့ကို တော်လှန်ရေးပူးပေါင်းအင်အားစုများ သိမ်းပိုက်နိုင်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို သိမ်းယူနိုင်ပြီးနောက် ထပ်မံအရေးပါသောမြို့ဖြစ်သည့် တမူးမြို့နယ်က ခမ်းပါတ်မြို့ကို နိုဝင်ဘာ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ကလေး – တမူး အာရှအဝေးပြေးကားလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာ ၃ ရက်မှ စတင်၍ ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို KIA စစ်ဦးစီးချုပ်ကိုယ်တိုင် ကွပ်ကဲ၍ ခရိုင်ကွပ်ကဲရေးမှူးများဖြင့် အနီးကပ်ကွပ်ကဲပြီး တော်လှန်ရေး အင်အားစုများဖြစ်သည့် CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခမ်းပါတ်မြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းယူနိုင်ခြင်းနှင့် ပတ်သက်၍ တမူးမြို့ခံများအား ဆက်သွယ်မေးမြန်းရာ မိုင် ၃၀ ကျော် ကွာဝေးသဖြင့် သေချာမသိကြောင်း စစ်ကောင်စီတပ်အနေဖြင့် အင်အားမမျှ၍ ဆုတ်ခွာလိုက်ခြင်းဖြစ်နိုင်ကြောင်း တမူးဒေသခံတစ်ဦးက သုံးသပ်ပြောသည်။

“ခမ်းပါတ်က မြို့ဆိုပေမယ့် အရင်က ကျေးရွာပဲ၊ တမူးက တစ်မြို့နယ် တစ်ခရိုင်ဖြစ်နေတော့ ရွာလည်း ကြီးလာတော့ မြို့နယ်ခွဲပေးထားတာပေါ့။ ရဲကင်းနဲ့တပ်ကလည်း တမူးကနေ ခွဲထားတဲ့ တပ်ခွဲအဆင့် တပ်ရင်းလောက်ပဲဆိုတော့ လူအင်အားမမျှလို့ ဆုတ်ပေးလိုက်တယ်လို့ မြင်ပါတယ်။ ဓာတ်ပုံတွေမှာလည်း လူ၊ လက်နက်ရတာ မတွေ့ရဘူးဆိုတော့ ဆုတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ကလေး-တမူး ကုန်သွယ်ရေးလမ်းသည်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေ့မှ စ၍ ဖြတ်သန်းသွားလာသူ မရှိတော့သဖြင့် ပိတ်နေခဲ့ပြီး အိန္ဒိယဘက်တွင်လည်း နိုင်ငံရေး အခြေအနေမကောင်းသောကြောင့် ကုန်စည်များ မဝင်သဖြင့် ရေရှည်တွင် ကုန်စည်ရှားပါးမှုနှင့် ကုန်စျေးနူန်း ကြီးမြင့်မှုကြောင့် အခက်တွေ့နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။

တမူးမြို့နယ် ခမ်းပါတ်မြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ရပ်တန့်နေခဲ့ရာမှ ယခုတခါ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုများက ခမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here