စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံး ၂ ဦး ဒဏ်ရာပြင်းထန်

0
326

အာဏာသိမ်းစစ်ကောင်စီတပ် ပစ်လိုက်တဲ့လက်နက်ကြီးက လိုင်ဇာနယ်စပ် တရုတ်ဘက်ခြမ်းဘက် နေအိမ်တစ်အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာ‌ကြောင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း လိုင်ဇာဒေသခံတွေထံမှ သိရသည်။

နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲက စပြီး စစ်ကောင်စီတပ်ဘက်မှ လိုင်ဇာမြို့ဘက်ကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ရာမှာ တရုတ်ဘက်ခြမ်းကို လက်နက်ကြီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“တရုတ်ဘက်ခြမ်း ၄ ခု သွားကျပေါက်ကွဲတယ်။ အိမ်တစ်အိမ်ကိုထိပြီး ၂ ဦးက ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်။ တစ်ဦးက အပြင်မှာရှိနေချိန် နေရာမှာတင် သေသွားတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပြသည်။

စစ်ကောင်စီတပ်သည် ခယာဘွမ် (Hkaya Bum)၊ ဖွန်းပျန်ဘွမ် (Hpun hpyen bum) ၊ ခန်းကိုင် (Hkangkai Bum) နဲ့ ဘွမ်ရဲဘွမ် (Bumre bum) စသည့် တောင်ကုန်းပေါ်က‌နေ လက်နက်ကြီးနှင့် လှမ်းပစ်‌နေတာဖြစ်တယ်လို့လည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲမှစပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ၁ နာရီဝန်းကျင်အထိ လက်နက်ကြီး အကြိမ်နဲ့ အလုံးပေါင်း ၂၀၊ ၃၀ ထက်မနည်း ပစ်ခတ်မှုရှိတယ်လို့လည်း လိုင်ဇာဒေသခံတစ်ဦးက အခုလိုပြောပါသည်။

“၁၀ နာရီခွဲလောက်ကနေ စမြည်လာတာ၊ အခု ၁ နာရီဝန်းကျင်ထိ ပစ်နေတုန်း အခုလည်း မြည်နေတုန်း ၂၀၊ ၃၀ ထက် မကဘူး၊ ဘယ်နှစ်ကြိမ်ပစ်လည်း မရေနိုင်တော့ဘူး။ ကတုန်းကျင်းတွေထဲ ပုန်းအောင်း ခိုအောင်းပြီး သတိထား နေကြရတယ်ဆိုတော့ ဒီဘက်လိုင်ဇာဘက်ခြမ်းလည်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်။ လူတွေတော့ ဘာမှမဖြစ်ဘူး” လို့ ၎င်းက ပြောသည်။

စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး တရုတ်ဘက်ခြမ်း ကျရောက်ပေါက်ကွဲတာတွေ ရှိတဲ့အပြင် လိုင်ဇာမြို့ ညစျေးတန်းမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တချို့၊ အဆောက်အအုံတချို့ မှန်ကွဲတာ၊ ထိခိုက်ပျက်စီးတာတွေရှိကြောင်း လိုင်ဇာဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ ရက်နေ့က‌နေ နိုဝင်ဘာ ၁ ရက်နေ့အထိ ၂ ရက်ဆက်တိုက် လိုင်ဇာမြို့အနီး ၃ နေရာခန့်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

ဒါ့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ ကန်တော်ယန်စခန်း သိမ်းပိုက်ခံလိုက်ရပြီးတဲ့နောက် ဆက်တိုက်ဆိုသလို စစ်ကောင်စီတပ်က လိုင်ဇာဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာလို့လည်း ဒေသခံများထံမှ သိရှိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here