“အခုအာဏာသိမ်းတဲ့ စစ်အုပ်စုက အရင်စစ်အုပ်စုတွေထက် ပိုပြီးမိုက်မဲတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူစိတ်ပျောက်နေတဲ့ သူခိုးဓါးပြသာသာ အုပ်စုဖြစ်နေတဲ့အတွက် သူတို့ကိုရင်ဆိုင်ဖို့အတွက် ကျွန်မတို့က တော်တော်ကိုပဲ ဘက်ပေါင်းစုံကနေ ကြိုးစားကြရတယ်၊ ရှာဖွေကြရတယ်” ဒေါ်နှင်းနှင်းမွှေး- တွဲဖက်အတွင်းရေးမှူး/ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0
344
ပုံစာ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွဲဖက်အတွင်းရေးမှူးဒေါ်နှင်းနှင်းမွှေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက်အတွင်းရေးမှူးဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ်မေးမြန်းချက်။

ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပါတီတည်ထောင်ခြင်း ၃၅ နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တည်ထောင်တဲ့ ၃၅ နှစ်အတွင်း ပါတီဖျက်သိမ်းမှု ၂ ကြိမ် တိုင် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါအပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဟာ နွေဦးတော်လှန်ရေးမှာလည်း ပြည်သူလူထုတွေနဲ့အတူ တရားမျှတမှုအတွက် စစ်ကောင်စီအုပ်စုကို တိုက်ပွဲဝင်နေတဲ့ပါတီလည်း ဖြစ်ပါတယ်။

ဒါကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၃၅ နှစ် ပြည့်သွားခဲ့ချိန်မှာ စတင်တည်ထောင်ချိန်က ရည်မှန်းချက်တွေ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်ခဲ့ပါပြီလဲ။

ဖြေ။ ။ ကျွန်မတို့ ပါတီတည်ထောင်ခဲ့တာဆိုရင် ဒီနှစ်အောက်တိုဘာလ ၁၄ ရက်နေ့ မှာ ၃၅ နှစ် ပြည့်မြောက် ခဲ့ပါပြီ။ ၃၅ နှစ် တာ ကာလအတွင်းမှာ ကျွန်မတို့ပါတီက လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ပြည်သူအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စုကို တော်လှန်ဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ကျွန်မတို့ ကြိုးစားခဲ့ကြတယ်။ တော်လှန်ဖို့ ကြိုးစားခဲ့လို့ စစ်အာဏာရှင်ရဲ့ဖိနှိပ်မှု အများကြီး ကြုံခဲ့ပါတယ်။ ဒီ ၃၅ နှစ်တာ သက်တမ်းကာလအတွင်းမှာ ပါတီကို တရားဝင်နိုင်ငံရေးပါတီ အဖြစ်ကနေ ဖျက်သိမ်းခံရတာ အခုဆိုရင် ၂ ကြိမ် တိုင်တိုင် ကြုံရတာဖြစ်တယ်။ ပါတီရဲ့ ရဲဘော်တွေ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ဒါတွေလည်း ကျွန်မတို့ အများကြီးကြုံရပါတယ်။

ဒါတွေကို ကြုံရင်းနဲ့ပဲ ဆက်ပြီးတော့ ကျွန်မတို့ ယုံကြည်တဲ့ နိုင်ငံရေးကို ဆက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ ကြီးမားတဲ့အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရခဲ့တယ်။ ဘယ်လိုကိစ္စတွေကို ရင်ဆိုင်ရတာပဲ ဖြစ်ပါစေ ကျွန်မတို့က ပါတီ စတင်တည်ထောင် ကတည်းက စွဲကိုင်ခဲ့တဲ့ဆောင်ပုဒ် ရှိပါတယ်၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ အဲဒီဆောင်ပုဒ်ကိုပဲ အခုချိန်ထိ လက်ကိုင်ထားပါတယ်။ နောင်လည်း ဆက်ပြီးတော့ ပြည်သူတွေအတွက်ကို ဆက်ပြီးတော့ စွဲကိုင်ထားဦးမယ် ဆိုတာကို ပြောချင်ပါတယ်။

ကျွန်မတို့တောက်လျှောက် အရင်နောင်တော်တွေက အခုချိန်ထိအောင် ဆောင်ရွက်နေကြတဲ့ ခုနကပြောခဲ့တဲ့ စစ်အာဏာရှင်စနစ် အကုန်ဖျက်သိမ်းရေးဆိုတဲ့ ကိစ္စကို ကျွန်မတို့လုပ်ခဲ့တာ တော်တော်ခရီးရောက်ပြီလို့ ပြောလို့ရနိုင်ပါတယ်။ နှစ်ကာလ အချိန်ယူကောင်း ယူရနိုင် ပါသေးတယ်။ သို့သော် အရင်ကထက်စာရင် ဒီတော်လှန်ရေးကြီးက ကျွန်မတို့အားလုံးကို ပိုပြီး ရှေ့ရောက်အောင် ပိုပြီးနီးစပ်အောင် တွန်းပို့ခဲ့တဲ့ အခြေအနေ ဖြစ်တဲ့အခါကျတော့ တော်လှန်ရေး ရည်မှန်းချက်က နီးလာပြီ ဖြစ်ပါတယ်။ ဒါကိုဆက်ပြီး စွဲကိုင်ပြီး ကျွန်မတို့ ဆက်ပြီးတော်လှန်သွားရမယ်။ အမြစ်ဖြတ်သွားရမယ်လို့ ပြောချင်ပါတယ်။

မေး။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘာတွေဆက်လက်လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါလဲ။

ဖြေ။ ။ ကျွန်မတို့ရဲ့ရည်မှန်းချက်က ကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းစွာနဲ့ ဖြစ်ပေါ်တိုးတက်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ သို့သော်လည်း လက်တွေ့ဖြတ်သန်းရတဲ့ အခြေအနေမှာ စစ်အုပ်စုက ကျွန်မတို့တွေ လုပ်ကိုင် ဆောင်ရွက်ရတဲ့ တော်လှန်ရေးနည်းပုံစံတွေကို သူ့ဘက်က ဖိအားပေးတော့ ကျွန်မတို့ မဖြစ်မနေ ဆောင်ရွက် ရတာ ရှိပါတယ်။ အရင်တုန်းကလည်း ပါတီကို တရားဝင်နိုင်ငံရေးပါတီ အဖြစ်ကနေ ဖျက်သိမ်း လိုက်တော့ ကျွန်မတို့ရဲဘော်တွေ ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ် စသဖြင့် ဒါတွေလုပ်လာတဲ့အခါမှာ မြေအောက် တော်လှန်ရေးပါတီအနေနဲ့ တောထဲမှာနယ်စပ်မှာ လက်နက်ကိုင်ဒေသတွေမှာ ဖြတ်သန်းခဲ့ရတယ်။ အခုပြန်ပြီး စစ်အုပ်စုကို အကုန်အစင် မဖျက်သိမ်းနိုင်သမျှ ဒါမျိုးတွေ ထပ်ကြုံနေရမှာပဲ ဖြစ်တယ်။

၂၀၂၁ နွေဦး တော်လှန်ရေးမှာ အားလုံးသိကြတဲ့အတိုင်းပဲ အာဏာသိမ်းစစ်အုပ်စုက အရင်ကထက် ပိုပြီးတော့မှ ဆိုးဝါးတဲ့ နည်းလမ်းတွေသုံးပြီး လူထုကို၊ နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်ရက်စက်တဲ့ နည်းလမ်းသုံးလာတဲ့အခါ ကျွန်မတို့က မဖြစ်မနေ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ကြရတဲ့ တော်လှန်ရေးတရပ်က ဖြစ်လာတယ်။ ဒီတော်လှန်ရေးကို စစ်အုပ်စုက တွန်းပို့ခဲ့တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ကျွန်မတို့က နိုင်ငံရေးနည်းအရ ဆောင်ရွက်ချင်တာ မှန်သော်လည်း လက်နက်ကိုင် တော်လှန်ရေးက ရှေ့ကို ရောက်လာတဲ့ အခြေအနေမျိုးဖြစ်တယ်။ ကျွန်မတို့က ဒီကိစ္စကို လုံးဝထောက်ခံတယ်။ ကျွန်မတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးက တရားတဲ့ ခုံခံစစ်ဖြစ်တယ်လို့ ကျွန်မတို့က အဲဒီလိုယုံကြည်ပါတယ်။

ကျွန်မတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိပေမယ့် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ တော်လှန်ရေးအင်အားစု တွေကို ကျွန်မတို့ကနေ တတ်နိုင်သမျှပေါ့၊ ကူညီပံ့ပိုးဖို့ ကျွန်မတို့ပါတီမှ မဟုတ်ပါဘူး၊ အားလုံးကလည်း လုပ်နေကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းစေချင်တဲ့ ဘယ်သူမဆို ဒီကိစ္စတွေကို တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်နေကြတော့ ကျွန်မတို့နိုင်ငံကို ကျွန်မတို့ ဖြစ်စေချင်တဲ့ ငြိမ်းချမ်းတဲ့၊ လွတ်လပ်တဲ့၊ တရားမျှတတဲ့ သွေးစည်းညီညွတ်တဲ့နိုင်ငံ ဖြစ်လာဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်လာဖို့ အကူအညီပေးတဲ့ ဘယ်လို ကိစ္စရပ်မျိုးကိုမဆို ကျွန်မတို့က ဘက်ပေါင်းစုံကနေ ပါဝင်သွားမှာ၊ ကူညီသွားမှာ၊ ကျွန်မတို့နိုင်တဲ့နေရာကနေ ကူညီသွားမှာ ဖြစ်ပါတယ်ရှင့်။

မေး။ ။ ၃၅ နှစ်ကြာ ရပ်တည်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အခက်အခဲဆုံးကာလဆိုရင် ဘယ်ကာလဖြစ်မလဲ။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ဖြေ။ ။ စစ်အုပ်စုကနေ ကျွန်မတို့ပါတီကို တရားဝင်နိုင်ငံရေးပါတီ အဖြစ်ကနေ သူတို့ကြေညာချက်ထုတ် ဖျက်သိမ်းခဲ့တယ်။ ကျွန်မတို့နဂိုတည်းက ၂၀၂၁ နွေဦးတော်လှန်ရေး စတင်တည်းက အာဏာသိမ်းစစ်အုပ်စုကို ဘယ်လိုနည်းလမ်းနဲ့မှ မပူးပေါင်းဘူးဆိုတာ ကျွန်မတို့ သဘောထားချမှတ်ထားပြီးသား ဖြစ်ပါတယ်။ ကြေညာချက် တွေလည်း ထုတ်ခဲ့တယ်။ သူတို့ရဲ့ဖိတ်ခေါ်မှုတွေ၊ ကမ်းလှမ်းမှုတွေ အားလုံးကိုလည်း ကျွန်မတို့ငြင်းပယ်ခဲ့ ပါတယ်။ စစ်အုပ်စုရဲ့ယန္တရားတွေမှာ ပါဝင်ဖို့ဆိုတဲ့ ကမ်းလှမ်းချက်ကိုလည်း ကျွန်မတို့ ငြင်းပယ်ခဲ့တယ်။ ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိဘူး။ မရှိတဲ့အခါ ကျွန်မတို့က တဘက်ကနေ ပြန်ကြည့်မယ်ဆိုရင် ကျွန်မတို့လုပ်ချင်တဲ့ နိုင်ငံရေးအလုပ်ကို လုပ်ဖို့ဆိုရင် နည်းပရိယာယ် ကြွယ်ဝဖို့လိုတာ ဖြစ်တယ်။

သို့သော်လည်း ပြည်သူကိုဖိနှိပ်တဲ့ စစ်အုပ်စုနဲ့ ဘယ်လိုမှ မပူးပေါင်းနိုင်ဘူးဆိုတော့ ကျွန်မတို့ရဲဘော်တွေရဲ့ လုံခြုံရေး၊ ကျွန်မတို့ရဲဘော်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို သွားနိုင်ဖို့အတွက် ကျွန်မတို့က နည်းလမ်းအမျိုးမျိုး အခြေအနေနဲ့ကိုက်ညီအောင် ကျင့်သုံးရတာတွေ ရှိပါတယ်။ ကျွန်မတို့ရဲ့ ပြည်တွင်းလုပ်ငန်း အင်အားစုတွေ ရှိမယ်။ နိုင်ငံတကာနဲ့ ပြည်သူနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ ရှိတယ်။ တော်လှန်ရေးအတွက် လုပ်ကိုင် ဆောင်ရွက်ရတာတွေရှိတဲ့ အခါကျတော့ ကျွန်မတို့ပါတီရဲ့ နည်းလမ်းသုံးသွယ်မှာတော့ ကျွန်မတို့ပါတီရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ အကျဉ်းချုပ်ပြီးတော့ ပြောချင်ပါတယ်ရှင့်။ ခက်ခဲဆုံးကာလတွေလို့ ကျွန်မတို့ ပြန်သုံးသပ်တဲ့ အခါမှာ မခက်ခဲတဲ့အချိန် မရှိခဲ့ဘူးလို့ ကျွန်မကတော့ အဲဒီလိုပဲမြင်ပါတယ်။

ဘာကြောင့်ဆို စစ်အုပ်စုရဲ့သဘောက သူတို့ကိုအံတုတယ်၊ တော်လှန်တယ်ဆိုရင် ပုံသဏ္ဍာန်မျိုးစုံကို ဒီလူတွေကိုဖိနှိပ်တာပဲ။ သူတို့ရဲ့အာဏာ တည်မြဲရေး၊ သူတို့ရဲ့အကျိုးစီးပွားတွေ ဆက်လက်ပြီးမှ တည်မြဲနိုင်ရေး အတွက် ဘယ်အဖွဲ့အစည်းကိုမဆို၊ ဘယ်နိုင်ငံရေးပါတီကိုမဆို၊ ဖိနှိပ်လိုက်ဖို့ ဝန်မလေးတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါမှာ ကျွန်မတို့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေက ပြောရရင် ပြောလို့မကုန်တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ထောင်ထဲမှာ ဖြတ်သန်းရတဲ့ အချိန်တွေ ရှိတယ်။ တခြားပါတီ ခေါင်းဆောင်တွေ ပါတီရဲဘော်တွေလည်း စစ်ကြောရေးမှာ ကျသွားတဲ့သူတွေ ရှိတယ်။ ရန်သူက ဖမ်းဆီးပြီး ရက်ရက်စက်စက် နှိပ်စက်နေပြီးတော့မှ သတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။ ဒါတွေအားလုံး ဘယ်အချိန်ဘယ်ကာလက ခက်ခဲတယ်ဆိုတာကို ပြောဖို့ခက်ပါတယ်။

သို့သော် ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် စစ်အုပ်စုရဲ့ ရင်ဆိုင်နေရတဲ့ ကာလတလျှောက်မှာ နွေဦးတော်လှန်ရေးက ပိုပြီးခက်ခဲနေတဲ့ အခြေအနေတော့ ဖြစ်ပါတယ်။ အခုအာဏာသိမ်းတဲ့ စစ်အုပ်စုက အရင်စစ်အုပ်စုတွေထက် ပိုပြီးမိုက်မဲတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူစိတ်ပျောက်နေတဲ့ သူခိုးဓါးပြသာသာ အုပ်စုဖြစ်နေတဲ့အတွက် သူတို့ကို ရင်ဆိုင်ဖို့အတွက် ကျွန်မတို့က တော်တော်ကိုပဲ ဘက်ပေါင်းစုံကနေ ကြိုးစားကြရတယ်။ ရှာဖွေကြရတယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်တောင့်ခံနိုင်ဖို့အတွက် ကျွန်မတို့ အမျိုးမျိုးကြိုးစားရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ပြန်ပြောရရင် တောက်လျှောက်ခက်ခဲခဲ့တာ မှန်တယ်။ လက်ရှိကာလကတော့ အခက်ခဲဆုံးကာလ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်ရှင့်။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်တပ်ကို မြန်မာ့နိုင်ငံရေးထဲက ဖယ်ရှားနိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်လောက်တောင် အဟန့်အတားဖြစ်နေလဲ၊ သုံးသပ်ပေးပါဦး။

ဖြေ။ ။ လာရာရော၊ လားရာရော မကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တယ်လို့ ကျွန်မတို့က အဲဒီလိုပဲ ပြောချင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခေါ်အရဆို တောင်ပြိုကမ်းပြို နိုင်ခဲ့တယ်။ အဲဒီလိုအခြေအနေမှာ တပ်က ပါတီစုံရွေးကောက်ပွဲလုပ်ပြီးရင် တန်းလျားကိုပြန်သွားပါမယ်ဆိုတဲ့ ကတိကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီးတဲ့အခါကျတော့ သူတို့ကို အမျိုးသားညီလာခံကြီးဆိုတာကို ခေါ်ပြီးတော့ ဒီဥပဒေကိုရေးဆွဲခဲ့တယ်။ ရေးဆွဲပြီး ဒါကိုပြဌာန်းတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံမှာ အားလုံးသိကြတဲ့ အတိုင်းပဲ နာဂစ်မုန်တိုင်းတိုက်ခိုက်ပြီး ပြည်သူတွေသိန်းနဲ့ချီ ပျက်စီးရတယ်။

ပြည်သူတွေကို သေတဲ့စာရင်းမသွင်းဘဲ လူရှင်စာရင်းမှာသွင်းတော့ သေသွားတဲ့ပြည်သူတွေကပါ ထောက်ခံ ပါတယ်ဆိုပြီး ၂၀၀၈ ကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ကို သူတို့အချိန်ယူပြီးဆွဲခဲ့တာ စစ်တပ်ရဲ့အာဏာ၊ စစ်တပ်ရဲ့ယန္တရားကို ကာကွယ်ဖို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် ရည်ရွယ်ပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အပေါ်ယံမှာ ဒီမိုကရေစီအခွင့်အလမ်းကို ပေးထားသယောင်ဖြစ်တယ်။ အပေါ်ယံအချက်အလက်တွေ ရှိတယ်၊ သူတို့ဒါကိုပဲ ဥပဒေဆိုပြီးတော့ ပြဌာန်းခဲ့တယ်။ တကယ့်အတွင်းပိုင်း အနှစ်သာရမှာတော့ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားတာပဲလေ။

အခုလက်တွေ့မှာလည်း အဲဥပဒေဆိုတာကိုကိုင်ပြီး ဥပဒေပါအချက်အလက်တွေ သူတို့ချိုးဖောက်ပြီးတဲ့ အခါကြတော့ စစ်တပ်ကနေ အာဏာသိမ်းခဲ့တာပဲ ဖြစ်တယ်။ ၂၀၀၈ ခြေဥရှိနေသမျှကတော့ စစ်တပ်ရှိနေသမျှ ကတော့ ကျွန်မတို့နိုင်ငံက ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမှာမဟုတ်ဘူး။ ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုလည်း ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ၂၀၀၈ ခြေဥက ကျွန်မတို့နိုင်ငံရဲ့ အဓိကရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်တယ်။ ဒါကို အမြစ်ပြတ်သွားအောင် ကျွန်မတို့ အဆုံးထိ တိုက်ထုတ်ရမှာဖြစ်တယ်။ ကျွန်မတို့ အားလုံး ပါဝင်ရေးဆွဲထားတဲ့ သဘောတူထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရှိဖို့ အရေးကြီးတယ်လို့ ကျွန်မက ပြောချင်ပါတယ်ရှင့်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here