“ကျမကွင်းဆင်းတာ ၂ ခေါက်မှာ တွေ့ရသလောက်ဆိုရင် ကလေးတွေက တော်တော်လေး အရမ်းနာကျင်နေတာ သူက မပြောတတ်လို့လေ။ လည်ပင်းတွေမှာဆိုရင် ပြည်တွေ ပေါက်ခါနီး အချိန်အထိ အဲ့လိုမျိုးတွေ ဖြစ်တာမျိုးတွေ တွေ့ရတယ်။ အနာက တော်တော်လေးကို ပေါက်ပြဲပြီး နာကျင်နေတာမျိုးတွေအထိရှိတယ်” ကျန်းမာရေးဝန်ထမ်းတစ်ဦး

By MPM 20 အောက်တိုဘာ, 2023 👁

ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံနဲ့ စစ်ရှောင်ကလေးတွေမှာ အရေပြားရောဂါ ဖြစ်ပွားနေတာကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံတွေ အပါအဝင် စစ်ရှောင်ပြည်သူများမှာ အရေပြားယားယံတာ အရေပြားရောဂါတွေ ဖြစ်ပွားနေပါတယ်။

အဲ့ဒီယားယံမှုရောဂါတွေက ဘယ်ချိန်ကတည်းက စတင်ဖြစ်ပွားပြီး ဘယ်လိုတွေ ပြုစုကုသမှု ပေးနေရလဲဆိုတာကို ကျန်းမာရေးပိုင်းမှာ လိုက်လံကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင်ကလေးတွေမှာ အရေပြားရောဂါက ဘယ်လိုကနေ စဖြစ်လာတာပါလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကပဲပေါ့နော်၊ ဒေသခံ ကျန်းမာရေးအဖွဲ့တွေနဲ့ ကျွန်မတို့ သွားကြည့်ဖြစ်တာ ရှိတယ်။ အဲ့မှာသွားစစ်ကြည့်တော့ အဓိက ကတော့ ယားယံတာပေါ့။ ယားယံတာကနေ ပြီးတော့မှ တစ်ကိုယ်ရေသန့်ရှင်းမှု အပိုင်းမှာ အားနည်းတာလဲ ဖြစ်တယ်ပေါ့နော်။ ပထမကတော့ အဲ့လို ဖြစ်လိမ့်မယ်။ ပြီးကျတော့ သူတို့ Hygiene (တစ်ကိုယ်ရေ သန့်ရှင်းရေး) အပိုင်းပေါ့နော်။ ဆပ်ပြာ သုံးစွဲမှုက တချို့လူတွေအတွက် အခက်အခဲဖြစ်တော့ မသုံးနိုင်ဘဲ အဲ့ကနေ စဖြစ်တာမျိုးတွေလဲ ရှိတယ်ပေါ့။ သူက ယားယံပြီး အနာတွေ ပေါက်သွားတာမျိုးပေါ့နော်။ ပြီးတော့ အရည်ကနေ ကူးတယ်ပေါ့၊ တဆင့်ပြီး တဆင့် ဒီလိုကူးတာမျိုးတွေ တွေ့ရတယ်ပေါ့နော်။ တချို့ ကျန်းမာရေး ဆရာမတွေ သုံးသပ်ချက်အရတော့ ရေယုန် ပုံစံမျိုးလဲ ပြောလို့ရတယ် ဆိုတဲ့ဟာမျိုးလဲ သူတို့သုံးသပ်တာ တစ်ခုရှိတယ်။ နောက်ပြီးတော့ Outbreak ဖြစ်တယ်ပေါ့နော်။ ကျတော်တို့ သွားပြီး ကုသပေးတာတောင် မှ ကူးစက်ခံရသူ ၃၅ ယောက်ကို ကုသဖြစ်တယ်။

မေး။ ။ ဒီလို ယားယံမှုဖြစ်တာက သူတို့နားမှာ ဘယ်လိုဖြစ်လာရတာပါလဲ။

ဖြေ။ ။ မူရင်းက ကျွန်မတို့လဲ လက်လှမ်းမမီဘူး ဖြစ်နေတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု လိုအပ်ချက် ကနေ စဖြစ်မယ်လို့တော့ ထင်ပါတယ်။

မေး။ ။ ခုနက ပြောသွားတဲ့အထဲမှာ ဆပ်ပြာလိုအပ်ချက်တွေလဲ ပါတယ်ပေါ့နော်။ သူတို့ဆီမှာ အသုံးပြုနေတဲ့ ဆပ်ပြာက ဘယ်လိုဆပ်ပြာတွေ ဖြစ်မလဲ။

ဖြေ။ ။ သူတို့က သာမာန် ရိုးရိုးဆပ်ပြာတွေပဲ သုံးတယ်။ ရွှေဝါ၊ အမွှေးခဲတွေ သုံးတာတော့ ရှိတယ်။ တချို့လက်လှမ်းမှီတဲ့ အိမ်တွေကတော့ အမွှေးရည်တို့ သုံးတာတော့ ရှိတယ်ပေါ့နော်။ ဒီနောက်ပိုင်း ကလေးကို ကာဘော်လစ်ဆပ်ပြာနဲ့ သုံးပေးတာတော့ ရှိတယ်ပြောတယ်။

မေး။ ။ အခုဖြစ်နေတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေက ဘယ်နားမှာနေတာလဲ။ တောတောင်ထဲမှာ နေတာလား၊ ဒါမှမဟုတ် ကျေးရွာထဲမှာပဲနေတဲ့ စစ်ဘေးရှောင်တွေလား။

ဖြေ။ ။ ကျွန်မတို့သွားပြီးကြည့်တာက စစ်ဘေးရှောင်ကဖြစ်တာ သိပ်ပြီးမတွေ့ရဘူး။ ဒေသခံတွေပေါ့၊ ရွာခံတွေကဖြစ်တာ များတယ်ပေါ့နော်။ ကျေးရွာထဲက ကလေးငယ်တွေ အရမ်းဖြစ်တယ်။

မေး။ ။ သူတို့ အသုံးပြုတဲ့ ရေတွေကကော ဘယ်ကလာတဲ့ ရေတွေဖြစ်မလဲ။ သူတို့သုံးတဲ့ ရေတွေနဲ့ရော ပတ်သက်မှု ရှိနိုင်မလားဗျ။

ဖြေ။ ။ ကျမတို့တော့ စဉ်းစားဖြစ်တာ တစ်ခုတော့ရှိတယ်။ အကယ်၍ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကနေ သုတေသနလုပ်ပြီး သေချာသုံးသပ်နိုင်ရင်တော့ ကောင်းတယ်ဆိုတဲ့ဟာမျိုး အဲ့လို စဉ်းစားမိတာ ရှိတယ်ပေါ့နော်။ ရေက တောင်ကျချောင်းကနေ လာတယ်။ သူတို့သုံးတာ တောင်ကျ ချောင်းရေပဲ ဖြစ်တယ်။ တောင်ကျချောင်းရေကို ရေပိုက်နဲ့ ရွာထိ သွယ်လာပြီး သုံးလာတာ ရှိတယ်။ အဲ့ကနေပြီးတော့မှ စတာလား၊ ဒါမှမဟုတ်ရင် တစ်ကိုယ်ရေ သန့်ရှင်းမှုပေါ့နော်။ သူတို့ ရေမချိုးတာတို့ အဲ့လိုမျိုးလားပေါ့။ သူတို့ကို မေးကြည့်ရသလောက်တော့ မသိဘူး။ ကျမတို့ သိရသလောက်တော့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကနေ ဖြစ်နိုင်တယ်ပေါ့နော်။

မေး။ ။ အများစုက အရေပြားရောဂါဖြစ်နေတာဆိုတော့ ဘယ်သူတွေမှာ အဖြစ်များနေပါလဲ။

ဖြေ။ ။ နောက်ပိုင်းက ကလေးတွေမှာ အဖြစ်များတယ်။ တော်တော်များများ ဖြစ်တယ်။ ကလေးတွေရော လူကြီးတွေရော အကုန်ဖြစ်တယ်။ ကျမတို့သွားတဲ့ အချိန်ဆိုရင် ကလေးတွေ တော်တော်များများ ဖြစ်တာတွေ့ရတယ်။ လူကြီးတွေကတော့ ခံနိုင်ရည်ရှိတော့ ခဏလေးဖြစ်ပြီး ပြန်ပျောက်သွားတာ တွေ့ရတယ်။

မေး။ ။ ကလေးတွေမှာဖြစ်တော့ရော အခြေအနေ ဘယ်လောက်ထိဆိုးတာ တွေ့ရပါလဲ။

ဖြေ။ ။ တော်တော်ဆိုးတယ်။ ကျမကွင်းဆင်းတာ ၂ ခေါက်မှာ တွေ့ရသလောက်ဆိုရင် ကလေးတွေက တော်တော်လေး အရမ်းနာကျင်နေတာ သူက မပြောတတ်လို့လေ။ လည်ပင်းတွေမှာဆိုရင် ပြည်တွေ ပေါက်ခါနီး အချိန်အထိ အဲ့လိုမျိုးတွေ ဖြစ်တာမျိုးတွေ တွေ့ရတယ်။ အနာက တော်တော်လေးကို ပေါက်ပြဲပြီး နာကျင်နေတာမျိုးတွေအထိ ရှိတယ်။ အခု နောက်တစ်ခေါက် ထပ်သွားတော့ အနာတွေက ခြောက်သွားသလိုမျိုးတော့ ရှိတယ်။ အရမ်းဖြစ်တာ တစ်ယောက်၊ နှစ်ယောက်တော့ ကျန်တာပေါ့။

မေး။ ။ ကွင်းဆင်းသွားကြည့်တော့ ရွာသားတွေဖြစ်နေတာက ဘာရောဂါမျိုး ဖြစ်မယ်လို့သုံးသပ်ပါလဲ။ ရွာသားတွေမှာ ဘယ်လောက်ရာခိုင်နှုန်းလောက် ဖြစ်နေပါလဲ။

ဖြေ။ ။ သွားတာ နှစ်ရွာ သုံးရွာ ရှိတာဆိုတော့လေ တချို့ရွာတွေက အမျိုးအစား နည်းနည်းကွဲတဲ့ ဟာတွေ ဖြစ်တယ်။ တချို့ကတော့ ယားယံတာကနေပြီးတော့မှ ရေယုန်ပုံစံလိုမျိုး၊ အနာစိမ်း ပုံစံလိုမျိုး ဖြစ်တယ်။ အဲ့ဒီ ရေယုန်ပုံစံလိုဟာမျိုး ဖြစ်သွားတာကျတော့ အရည်ထွက်ပြီး ဗိုင်းရပ်စ်ပုံစံ ဖြစ်တာပေါ့ နော်၊ တစ်ယောက်ပြီးတစ်ယောက် ကူးတဲ့ဟာမျိုးတွေ ဖြစ်တယ်။ နောက်ပြီးတော့ ဘက်တီးရီးယား ဖြစ်ပွားတဲ့ အနာစိမ်းအကြီးကြီးတွေ ခွဲရတော့ ခွဲပြီးသွေးတိတ်ရင် နည်းနည်းသက်သာတာမျိုးတွေ ဖြစ်တယ်။ တချို့ရွာတွေမှာက တစ်ရွာလုံးနီးပါး ဖြစ်တဲ့ဟာတွေ ရှိတယ်။ တချို့ရွာတွေမှာ အယောက် ၂၀ ကနေ ၃၀ ဝန်းကျင် ဖြစ်တာတွေ ရှိတယ်။ ခန့်မှန်းချက်အရ ၃ ရွာပေါင်းမှာဆိုရင် လူဦးရေ ၇၀၀ ရှိတာမှာ ၂၀% လောက်ဖြစ်တယ်။

မေး။ ။ သူတို့ကျေးရွာတွေမှာ အရင်ကရော အခုလိုဖြစ်ဖူးပါလား။

ဖြေ။ ။ သူတို့ကိုမေးကြည့်တာ လွန်ခဲ့တဲ့ လေးငါးနှစ်က တစ်ကြိမ် ဖြစ်ဖူးတယ် ပြောတယ်။ ဟိုအရင်တုန်းက ဘိုးဘွားတွေ ဖြစ်ဖူးတာရှိတယ်။ သူတို့က ဘယ်လိုမျိုး ပြောကြလဲဆိုရင် ဒေသမှာ ဓလေ့အရ ပေါက်တဲ့ဟာမျိုးပေါ့။ လေးငါးနှစ်တစ်ကြိမ် ပုံစံမျိုးလဲ ဖြစ်တတ်တယ်ဆိုတဲ့ဟာမျိုး ခန့်မှန်း ကြတယ်ပေါ့နော်။ အရင်တုန်းကလဲ ဖြစ်ဖူးတယ်လို့ သူတို့ပြောကြတယ်။ ကျမတို့ ဒီတိုင်းသွားကြည့်တော့ ကြားထဲကလူတွေက အဆင့်ဆင့်ကုသတယ်။ အရည်တွေကို ထိရင် ကူးစက်နိုင်တယ်၊ သတိထားရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ရမယ် ဆိုတဲ့ဟာမျိုး ကျမတို့ ပြောဖြစ်တာ ရှိတယ်။ ကျမတို့ ကယန်းတိုင်းရင်းသား ကျန်းမာရေးကော်မတီကလဲ ကျန်းမာရေး အသိပညာပေးတာ ရှိတယ်။

မေး။ ။ ဒါတွေ သူတို့ဖြစ်လာတာ ကြာနေပြီလား။

ဖြေ။ ။ ဒီတခေါက် ဖြစ်တာက လေးငါးလ ဝန်းကျင်လောက်တော့ ရှိသွားပြီ။ တစ်ရွာနည်းနည်း ဖြစ်တာတွေလဲ ရှိတယ်။ ဆေးခန်းမှာ ပြတဲ့လူလဲရှိတယ်။ ရွာမှာပဲ သူတို့ဘာသာသူတို့ ဆေးလေးထည့်ပြီး တနိုင်တပိုင် ကုကြရင်း သက်သာသွားတာလဲ ရှိတယ်။

မေး။ ။ အခုဖြစ်တော့ရော ဘယ်လိုမျိုး ဆေးကုသနေကြပါလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့အချိန်တုန်းက သူတို့နည်းသူတို့ဟန် ကုသတာ ရှိတယ်ပေါ့နော်။ ကယန်းအမျိုးသမီး အစည်းအရုံးက ၃ လပိုင်း ဝန်းကျင်လောက်တုန်းက အခြေခံဆေးဝါးနဲ့ ပတ်သက်ပြီး အဲ့ဒီရွာတွေကို ပံ့ပိုးပေးခဲ့တာ ရှိတယ်။ အဲ့ပံ့ပိုးတဲ့ထဲမှာ အရေပြားလိမ်းဆေးတွေလဲပါတော့ သူတို့အဲ့တာတွေလိမ်းပြီး ကုကြတယ်။ နောက်ပြီးတော့ သူတို့လက်လှမ်းမှီတဲ့ ယားနာပျောက်ဆေးတချို့ကို ဝယ်သုံးကြတာ ရှိတယ်။ မဝယ်သုံးနိုင်တဲ့သူကျတော့ အရက်ပြန်နဲ့ သုပ်လိုက်တဲ့ဟာမျိုးတွေ ရှိတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာပဲ ကယန်းအမျိုးသား ကျန်းမာရေးကောင်စီကနေပြီးတော့ ကုသမှုတွေ လုပ်ပေးခဲ့တာ ရှိတယ်။

မေး။ ။ အခုနောက်ပိုင်းရော အကူအညီတွေရရှိလာပြီလား။

ဖြေ။ ။ မီဒီယာကနေ တဆင့် ကျမတို့ ဒေသကျန်းမာရေးအဖွဲ့ကနေ ကူညီပေးနေတာရှိတယ်။ အဓိကတော့ ကျန်းမာရေးအဖွဲ့အစည်းတွေက လာကူပေးတာ ရှိတယ်။

မေး။ ။ သူတို့ကို ကူညီပေးတဲ့နေရာမှာ ဆေးဝါးလုံလောက်မှုရှိပါလား။ သူတို့အနာတွေရော သက်သာလာပြီလား။

ဖြေ။ ။ လောလောဆယ် ဖြစ်နေတဲ့လူတွေအတွက် လုံလောက်နေသေးတယ် ပြောရမှာပေါ့။ အများကြီးတော့ မဟုတ်ဘူး၊ ကုလို့ရတယ် ဆိုပေမယ့် ထပ်ပြီး ကြုံလာရမယ်ဆိုရင်တော့ ကျမတို့ ဆေးဝါးက အခက်အခဲ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဒေသဘက်မှာ ဆေးဝါး သယ်ယူဖို့က အရမ်းခက်ခဲတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းက အခက်အခဲ အရမ်းဖြစ်တော့ ကျန်းမာရေးအဖွဲ့တွေက အဲ့အထိသွားဖို့ အရမ်းခက်ခဲတယ်။ အရမ်းအခက်ခဲဖြစ်တော့ ကျမတို့က ကယန်းအမျိုးသား ကျန်းမာရေးကော်မတီကို အကူအညီတောင်းရတာတွေ ရှိတာပေါ့နော်။ ကျမတို့ ဒေသခံ အဖွဲ့အစည်းတွေကနေ တဆင့် အကူအညီတွေရရှိဖို့ ကူညီပေးစေချင်တယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။