အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာ အရပ်ရပ်ကို လက်နက်အားကိုး မတရား စစ်အာဏာသိမ်းယူမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်ဟာ အခုဆိုရင် နှစ်နှစ်ကျော်ကာလအတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။
နှစ်နှစ်အတွင်း ပြောင်းလဲလာတဲ့ နွေဦးတော်လှန်ရေး အခြေအနေ၊ Burma Act ဥပဒေ အကောင်အထည်ဖော်ဆောင်မှု၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်နေလဲ။ တော်လှန်ရေး အင်အားစု အချင်းချင်းကြား ပွတ်တိုက်မှုတွေ လျှော့ချဖို့ ဘာတွေပြင်ဆင်ထားပါလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အရင်ဆုံး အမေရိကန်အစိုးရက တော်လှန်ရေးအင်အားစုတွေကိုကူညီဖို့ ပြဌာန်းထားတဲ့ Burma Act ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှု ဘယ်အခြေအနေအထိ ရောက်ရှိနေပါပြီလဲ။
ဖြေ။ ။ Burma Act က အတည်ပြုလိုက်ပါတယ်။ မနှစ်က ဒီဇင်ဘာလမှာ အတည်ပြုပြီး လွှတ်တော်က အတည်ပြုတယ်။ သမ္မတက လက်မှတ်ထိုးပြီး ဖြစ်တယ်။ ဘယ်လိုကဏ္ဍတွေ အကူအညီပေးမယ်ဆိုတာ ပြဌာန်းပြီး သွားပြီ။ NUG, NUCC တို့၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဆိုတာ ဖော်ပြထားတာ၊ အမေရိကန်အစိုးရ အနေနဲ့ ဘယ်လိုကဏ္ဍမှာ အကူအညီဘယ်လောက်ပေးမယ်ဆိုတာ သူတို့ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတာ သိရတယ်။ အထက်လွှတ်တော်မှာ အကြံပြုတဲ့ပမာဏကတစ်ခု၊ အောက်လွတ်တော်မှာ အကြံပြုတဲ့ ပမာဏကတစ်ခု၊ လွှတ်တော်နှစ်ရပ်မှာ ညှိနှိုင်းပြီးတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် Burma Act ကနေ ဘယ်လောက်ကူညီမယ်ဆိုတာ ညှိနှိုင်းနေတယ်။ အတည်ပြုပြီးတဲ့အခါကျရင် ကူညီရမယ့် အဖွဲ့အစည်းတွေက နေပြီးတော့ ဥပဒေထဲမှာ ပြဌာန်းထားတဲ့ ကူညီပေးရမယ့်အဖွဲ့အစည်းတွေကနေ ဥပဒေထဲမှာ ပြဌာန်းထားတဲ့ ကူညီရမယ့် အဖွဲ့အစည်းတွေကို ကူညီပေးဖို့အတွက် ဆက်လက်လုပ်ဆောင်မယ်လို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း မြန်မြန်ဆန်ဆန်နဲ့ ဘယ်လောက် ကူညီမယ်၊ ဘယ်လို ကူညီမယ် ဆိုတာ ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းနေတာကိုတွေ့ရပါတယ်။
မေး။ ။ ဒီနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာ တနေ့တခြား မြင့်တက်လာပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု ကာကွယ်ဖို့ ဘာတွေ လုပ်ဆောင်နေပါလဲ။
ဖြေ။ ။ အမျိုးသားညီညွတ်ရေးအစိုးရက လေကြောင်းရန်ကိုပစ်ချဖို့ လက်နက်တချို့ ရရှိထားတယ်။ ကျွန်တော်တို့အနေနဲ့ နေရာအနှံ့ ဖြန့်ကျက်ထားတာ မရှိဘူး။ အကန့်အသတ်ပဲ ရှိတယ်ဆိုတာပြောကြားတာ၊ တချို့ နေရာတွေဆိုရင် ကရင်နီပြည်နယ်မှာဆိုရင်လည်း စစ်တပ်ရဲ့ဂျက်လေယာဉ်ပျံတစ်စင်း ပစ်ချခံရတာတွေ့ပါလိမ့် မယ်။ တိုင်းရင်းသားဒေသမှာ သူတို့ရဲ့ရိက္ခာလာချတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ပစ်ချခံရပြီး ပျက်စီးသွားတာ တွေ့ရပါလိမ့်မယ်။ ပေပေါင်းထောင်သောင်းနဲ့ချီ အမြင့်ကနေ ပစ်နိုင်တဲ့ဟာတော့ မရှိသေးတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အကန့်အသတ်နဲ့ပဲ ရှိတယ်လို့ပြောတာ။
တစ်တိုင်းပြည်လုံးမှာ မကာကွယ်နိုင်ဘူးဆိုတာလည်း တွေ့နေရပါတယ်။ နိုင်ငံတကာကို ပြောကြားနေတာက အရပ်သား ပြည်သူလူထုကို ကာကွယ်ဖို့အတွက် နည်းပညာတွေပေးဖို့အတွက် အကူအညီတောင်းတယ်။ စစ်တပ်တိုက်နေတဲ့ အများစုက အရပ်သားပစ်မှတ်တွေ ဖြစ်တယ်။ မကြာသေးခင်က ဖြစ်သွားတာလည်း အရပ်ဖက်ပစ်မှတ်တောင်မှ ဒုက္ခသည်စခန်းကို နှစ်ထပ်ကွမ်းဒုက္ခရောက်အောင်လုပ်တာ။ ဒါတွေကိုကာကွယ်ဖို့ အမျိုသားညီညွတ်ရေးအစိုးရကို နည်းပညာအကူအညီနဲ့ ကာကွယ်ရေးအတွက် အနိမ့်ဆုံးလူထုကို သတိပေးနိုင်တဲ့ စနစ်တစ်ခု တည်ဆောက်နေတာကို ကူညီပေးဖို့အတွက် တောင်းဆိုချင်ပါတယ်။
မေး။ ။ စစ်ကောင်စီထံ လက်နက်စီးဆင်းမှုရပ်တန့်ဖို့ ဘာတွေလုပ်ဆောင်နေပါလဲ။ လတ်တလောကြိုးပမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ လက်နက်မစီးဆင်းနိုင်အောင် နိုင်ငံတကာကို စီးပွားရေးတိုက်ပွဲဝင်တဲ့ကဏ္ဍရှိတယ်ဆိုတာ စစ်ကောင်စီရဲ့ လက်နက်မဝယ်နိုင်အောင် စီးဆင်းတဲ့လမ်းကြောင်းတွေ ပိတ်ဆို့တာတွေ လုပ်နေတယ်။ ပြည်တွင်း ရောပြည်ပရော၊ ပြည်တွင်းမှာ စစ်ကောင်စီနဲ့ အပေါင်းပါတွေထုတ်တဲ့ ကုန်စည်ပစ္စည်းတွေကို မဝယ်ဖို့ အားလုံး သပိတ်မှောက်နေကြတယ်။ သေနတ်တွေတကားကားနဲ့ ဘီယာတွေလိုက်ရောင်းခိုင်းနေတယ် ရန်ကုန်မှာ ကြားတယ်။ ပြည်သူလူထုက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို ဝယ်မသုံးစွဲဖို့ သတိပြုသင့်တယ်။ သူတို့ ပိုက်ဆံမရဘူး။ နိုင်ငံတကာက ငွေကြေးစီးဆင်းမှုမရှိအောင် လုပ်တယ်။
သူတို့ရဲ့နိုင်ငံခြားငွေဘဏ်တွေ ပိတ်ဆို့မှု လုပ်နေတယ်။ အမေရိကန်ကနေ စီးပွားရေးပိတ်ဆို့တာတွေ လုပ်တယ်။ စစ်ကောင်စီမှာ ငွေကြေးအခက်အခဲဖြစ်ပြီး လက်နက်တွေမဝယ်နိုင်အောင်၊ ဒါပေမယ့် ပြည်တွင်းထဲမှာ သူတို့ထုတ်နိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။ လေယာဉ်ဆီတွေ မဝယ်နိုင်အောင် ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ လုပ်နေတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပိတ်ဆို့နိုင်အောင် လုပ်ဖို့ လိုအပ်တယ်။ အခုချိန်မှာ သူတို့စစ်ရေးရော၊ နိုင်ငံရေးမှာ အကျပ်အတည်းဖြစ်နေတာ ထောက်ပြပြီး ပြောကြားချင်ပါတယ်။
မေး။ ။ မြေပြင်တော်လှန်ရေးအင်အားစုတွေကြားမှာ ပွတ်တိုက်မှုတွေ ရှိလာတာတွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတယ်လို့ မြင်ပါလဲ။ NUG အနေနဲ့ ထိန်းကြောင်းဖို့ ဘာတွေလုပ်ဆောင်နေပါလဲ။
ဖြေ။ ။ နွေဉီးတော်လှန်ရေးစတာ ပြည်သူတွေကနေစတာ၊ ငြိမ်းချမ်းစွာဆန္ဒပြတာက စတယ်။ သေနတ်ကို ခေါင်းကို တည့်တည့်ချိန်ပြီးတော့ လူငယ်တွေကို သတ်ဖြတ်ပြီးတော့ သူတို့ဘက်က အကြမ်းဖက်မှုတွေကို စတင်တယ်။ လူထုက ရရာလက်နက်စွဲကိုင်ပြီးတော့ ခုခံတော်လှန်ကြတယ်။ PDF ဆိုတာ ပေါ်လာတယ်။ MOD ကာကွယ်ရေး ဝန်ကြီးဌာနကနေ ဒီ PDF တွေကို စနစ်တကျ အရည်အသွေးပြည့်ဝအောင် ဆောက်တည်နေတဲ့ အနေအထားပါ။ တိုက်ပွဲတွေ ဝင်တာရော၊ တပြိုင်နက်သင်တန်းတွေ ပေးနေတယ်။ စနစ်တကျနဲ့ စစ်စည်းကမ်း လိုက်နာဖို့ သင်ကြားပေးနေတယ်။ သူတို့အားလုံးရည်ရွယ်ချက်က စစ်အုပ်စုကျဖို့ တိုက်ပွဲဝင်နေကြတယ်။
လူ့သဘာဝအတိုင်း အမြင်မတူတာလေးတွေရှိရင် ပွတ်တိုက်မိတာလေးတွေ ရှိမယ်။ လူ့သဘာဝအတိုင်း ငါ့အဖွဲ့အစည်းဆိုတဲ့မာန ဖြစ်တာလေးတွေ ရှိမယ်။ ဒါတွေမဖြစ်အောင် ကျွန်တော်တို့က COC ကို တည်ဆောက်ဖို့ ကြိုးစားနေတာ အတိုင်းအတာတစ်ခုကို ရောက်နေပြီ။ ပွတ်တိုက်မှု ဖြစ်တာတွေကို ညှိနှိုင်းတယ်။ ဒါပေမယ့် ရာဇဝတ်မှု ကျူးလွန်နေတာတွေကိုတော့ အပြစ်ပေး အရေးယူနိုင်အောင် ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေ က ကြိုးစားဆောင်ရွက်နေတယ်။ ကာကွယ်ရေးဝန်ကြီးဌာနမှာလည်း တိုင်ကြားတဲ့ကော်မတီ ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်စည်းကမ်းအရ အရေးယူအပြစ်ပေးတာတွေ ရှိနေတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ လက်နက်ခဲယမ်းလိုအပ်ချက် မြင့်မားလာတယ်လို့ သိရပါတယ်။ ခဲယမ်း မလုံလောက်တာကြောင့် တိုက်ပွဲမစနိုင်ဘူးလို့ ပြောဆိုတာတွေ ရှိလာပါ တယ်။ NUG အနေနဲ့ ဒီအပေါ်မှာ ဘာပြောချင်တာရှိမလဲ။
ဖြေ။ ။ အခက်အခဲအကြီးဆုံးက လက်နက်ခဲယမ်း ပြည့်စုံထောက်ပံ့ပေးဖို့ အရင်တုန်းကတော့ လက်နက်ကိုင် တော်လှန်ရေး စတဲ့အချိန်မှာ ထောက်ပံ့နိုင်မှု မရှိသလောက်ပဲ။ ပြည်သူလူထုရဲ့ထောက်ပံ့နိုင်မှု နွေဦးတော်လှန်ရေး ကို ပြည်သူလူထုက ဘဏ္ဍာရေးအရကူညီတယ်။ ပါဝင်ပူးပေါင်း ဆောင်ရွက်တယ်။ NUG အစိုးရလုပ်တဲ့ နွေဦးတော်လှန်ရေးကမ်ပိန်းတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့အစိုးရကနေပြီးတော့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ရှိပါတယ်။ ၂ နှစ် ကျော် ကာလအတွင်း ဒေါ်လာသန်းပေါင်း ၂၅၀ ကျော် ရရှိတယ်ဆိုတာ ပြောထားတာရှိပါတယ်။ လက်နက်ခဲယမ်းတွေ ဝယ်တယ်။ စစ်တိုင်းတွေအရ ဖြန့်ဝေပေးတာရှိတယ်။ ပြည်သူလူထုကို လူသားချင်းစာနာမှု အကူအညီတွေပေးနေတာရှိတယ်။
လက်နက်ဝယ်ရတဲ့ဈေးကွက် ဘယ်လောက်ဈေးကြီးတယ်ဆိုတာ ပြည်သူတွေသိပါတယ်။ မောင်းပြန်သေနတ်ကို ဒေါ်လာထောင်နဲ့ချီ ပေးရတာရှိပါတယ်။ PDF တွေကို လက်နက်တပ်ဆင်ပေးနေတယ်။ ခဲယမ်းမီးကျောက်တွေ ပေးနေတယ်။ ဟုတ်ပါတယ်။ ကြားပါတယ်။ စခန်းသိမ်းခါနီးမှာ ခဲယမ်းမီးကျောက်ကုန်သွားလို့ ပြန်ဆုတ် သွားတာတွေလည်း အများကြီးပဲ။ အဲဒီလိုမဖြစ်အောင် ဗျူဟာကျကျ ထောက်ပို့ပေးနေတယ်။ နိုင်ငံတကာကနေ အကူအညီရအောင် ကြိုးစားနေတယ်။ တော်လှန်ရေးက ပြည်တွင်းမှာ အောင်ပွဲဆင်ရမယ့်တော်လှန်ရေးပါ။ ပြည်သူလူထု အကူအညီက အများကြီး အရေးကြီးတယ်ဆိုတာ ပြောလိုပါတယ်။
ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာနက မဟာမိတ်တွေနဲ့ပူးပေါင်ပြီး လက်နက်ခဲယမ်းတွေရအောင် ကြိုးစား နေတာ ရှိပါတယ်။ ဒါပေမယ့်လည်း အားလုံးပြည့်စုံအောင် မထောက်ပံ့ပေးနိုင်သေးဘူး။ အခက်အခဲတွေ ရှိနေသေးတယ်။ ပြည်သူလူထုက တော်လှန်ရေးမှာ အောင်မြင်ဖို့အတွက် ဒီထက်အားသွန်ခွန်စိုက် ဆောင်ရွက် ပေးဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ စစ်တပ်လော်ဘီတွေအားလုံးက မဟုတ်မမှန်သတင်းတွေ လွှင့်ပြီးတော့ ဆိုရှယ်မီဒီယာပေါ် မဟုတ်မမှန်သွေးကွဲအောင် လုပ်နေကြတာ စိတ်ဓာတ်ကျအောင် လုပ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်တပ်ထိန်းချုပ်တဲ့နယ်မြေတွေ မရှိသလောက် ဖြစ်တဲ့အတွက်ကြောင့် စာသင်ကျောင်းတွေ မှာတောင်မှ စစ်တပ်စာသင်ကျောင်း မရှိသလောက်ဖြစ်နေပြီ။ သူတို့ရဲ့အုပ်ချုပ်ရေးတွေ မရှိသလောက် ဖြစ်နေပြီ။ တော်လှန်ရေးအပြီးသတ် အောင်မြင်ဖို့ ဝိုင်းဝန်းကြိုးပမ်းလုပ်ကြရန် ပြောကြားလိုပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။