လိုင်ဇာ၊ မုန်လိုင်ခက်စစ်ဘေးရှောင်များကို NUG ကူညီမည်

0
343
ပုံစာ- မုန်လိုင်ခက်စစ်ရှောင်စခန်းမှ သေဆုံးသွားသူများကို သင်္ဂြိုဟ်နေစဉ်။ (Photo-Htoi Seng Mai Facebook)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးသူများ၏ မိသားစုများ၊ ဒဏ်ရာရရှိသူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကူညီမည်ဖြစ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောသည်။

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်း ကျွန်တော်တို့မဟာမိတ်ဖြစ်တဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေ မြေပြင်မှာရှိတဲ့ ကူညီနေတဲ့ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒုက္ခရောက်နေတဲ့ သူတွေကိုကူညီမှာပါ။ သေဆုံးသွားတဲ့မိသားစုတွေ၊ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးဖို့ အစရှိသဖြင့်ပေါ့နော်။ မဟာမိတ်အဖွဲ့တွေနဲ့ ကျွန်တော် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီ ၃၀ ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းအပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် စစ်ရှောင်စခန်းတွင်းရှိ ရင်ခွင်ပိုက်လူမမယ်ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင်အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ရပြီး ၅၇ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် စစ်ဘေးရှောင်များထံသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီများ မရောက်သေးခြင်းသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုဖြင့် နေပြည်တော်၊ ရန်ကုန်တို့မှ တဆင့် သွားရောက်နေရခြင်းကြောင့် ဖြစ်ကြောင်းလည်း NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ဆိုသည်။

“နိုင်ငံတကာအနေနဲ့ မြေပြင်ပေါ်မှာ တကယ်ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ အခု ပစ်ခတ်ခံရတဲ့ စစ်ရှောင်စခန်းဆိုရင် နိုင်ငံတကာအကူအညီ တစ်ခုမှမရပါဘူး” ဟု ဦးကျော်ဇောက ပြောသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ ပါလက်စတိုင်းနှင့် အစ္စရေးတို့ စစ်ဖြစ်နေသဖြင့် နိုင်ငံတကာက ဂရုမစိုက်နိုင်ဟု ယူဆပြီး စစ်ကောင်စီတပ်သည် အပြစ်မဲ့စစ်ရှောင်များကို အနိုင်ကျင့်သတ်ဖြတ်ခြင်းလည်း ဖြစ်ကြောင်း ဦးကျော်ဇောက သုံးသပ်ပြောသည်။

မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှုသည် စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်တပ်အပေါ် နိုင်ငံတကာက အပြစ်ပေး အရေးယူပေးရန် တော်လှန်ရေးတပ်ဖွဲ့များက တောင်းဆိုလျက်ရှိပြီး စစ်တပ်၏ ယခုလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချထားကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here