“NCA စာချုပ်ဟာ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးဆိုတာကို စစ်တပ်ကလည်း နားလည်နေလောက်ပြီ၊ ဒါပေမယ့် သူအသေမသတ်လိုက်ဘူး၊ လိုအပ်တဲ့အခါ ထုတ်သုံးလို့ရအောင် ဒီအတိုင်းပဲ သူထားထားတယ်။ လောလောဆယ် က အလုပ်မဖြစ်ဘူးဆိုတာ သူ(စစ်တပ်)သိနေတယ်” ဒေါက်တာပညာမွန်- အမှုဆောင်ဒါရိုက်တာ/တိုင်းရင်းသား လူမျိုးရေးရာစင်တာ

0
363
ပုံစာ - တိုင်းရင်းသားလူမျိုးရေးရာစင်တာအမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်။

NCA “၈” နှစ်ပြည့် အခမ်းအနားအပေါ် သဘောထားအမြင်နဲ့ပတ်သတ်ပြီး တိုင်းရင်းသားလူမျိုးရေးရာစင်တာ (ENAC) ရဲ့ အမှုဆောင်ဒါရိုက်တာဒေါက်တာပညာမွန်နဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးခဲ့တဲ့ “၈” နှစ် ပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အခမ်းအနားကျင်းပပြုလုပ်ဖို့ စီစဉ်နေပါတယ်။ NCA “၈” နှစ် ပြည့် အခမ်းအနား တက်ရောက်ဖို့ကိုလည်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားနေတာတွေလည်း ရှိနေပါတယ်။

NCA “၈” နှစ်တာကာလမှာ NCA ရဲ့ အားနည်းချက်၊အားသာချက် ဘယ်လိုရှိနေပါလဲ၊ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ NCA “၈” နှစ် ပြည့် အခမ်းအနားအပေါ် ဘယ်လို သဘောထားအမြင်ရှိလဲဆိုတာကို တိုင်းရင်းသား လူမျိုးရေးရာစင်တာ (ENAC) ရဲ့ အမှုဆောင်ဒါရိုက်တာဒေါက်တာပညာမွန်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ NCA ရဲ့ “၈” နှစ်တာကာလမှာ အားနည်းချက်၊အားသာချက် ဘယ်လိုမျိုးသုံးသပ်ချင်ပါလဲ။

ဖြေ ။ ။ NCA ရဲ့ ရည်မှန်းချက်က တစ်နိုင်ငံလုံးအပစ်ရပ်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ တကယ်အပစ်ရပ်ကြတဲ့အခါမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်ခဲ့ဘူး။ ခေါင်းကျက် ခေါင်းစား၊ အမြီးကျက် အမြီးစားသလိုမျိုး ဖြစ်သွားတယ်။ NCA အရဆို တစ်နိုင်ငံလုံး အပစ်ရပ်စဲကြမယ်၊ အားလုံးပါဝင်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးပြီးတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်တည်ဆောက်ရေး ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးကြမယ်ဆိုပြီး ပြောခဲ့ကြပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ဘူး။ အားလုံးပါဝင်ရေးဆိုတဲ့ အပေါ်မှာလည်းပဲ အစိုးရက ဝင်ရောက်ကန့်သတ်တာတွေ လုပ်ခဲ့တယ်။ AA အပါအဝင် TNLA နှင့် MNDAA တို့ကို ပါဝင်ခွင့် မပြုခဲ့ဘူး။ အခုဆို AA ကိုပဲ ကြည့်ကြည့်၊ သေးငယ်တဲ့အဖွဲ့တစ်ခုကနေ အင်အားခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်တယ်။ ဒါတွေအားလုံးသည် NCA ကနေ ဖယ်ကျဉ်ခဲ့မှုတွေကြောင့်ပဲ ဖြစ်တယ်။

တွေ့ဆုံပွဲတွေမှာ လူမျိုး၊ အဖွဲ့အစည်းတွေကို ခွဲခြားပြီး နိုင်ငံရေးအရ ဆွေးနွေးတယ်။ ဒါတွေက NCA ရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ တဖက်မှာက သူ့ရဲ့အားသာချက်တွေလည်း ရှိပါတယ်။ ဘာတွေလဲဆိုတော့ NCA လမ်းကြောင်းကနေ တဆင့် တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့အတွက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ ကြတယ်။ ဥပမာအနေနဲ့ပြောရရင် အရင်တုန်းက မရှိခဲ့ဖူးတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလိုပွဲမျိုးကို ကျင်းပပြီး ဆွေးနွေးနိုင်ခဲ့ကြတယ်။ တချိန်ချိန်မှာ လုပ်ခွင့်ပြန်ရရင် ကျွန်တော်တို့ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လို လုပ်ရမလဲ၊ ဒီထက်ကောင်းမွန်ဖို့ ဘာတွေကို ပြင်ဆင်ရမလဲဆိုတဲ့ သင်ခန်းစာတွေလည်း ရခဲ့တယ်။ NCA ကို အခြေခံ တွေ့ဆုံဆွေးနွေးပွဲ ကာလတလျှောက်လုံး အာဏာမသိမ်းခင်အချိန်ထိပေါ့၊ တိုင်းရင်းသားခေါင်းဆောင် တွေ အတွက်ကတော့ တွေ့ဆုံဆွေးနွေးရေး အတွေ့အကြုံ ရလိုက်တာတွေ ကိုယ့်လူမျိုးအတွက် လိုအပ်တဲ့ မူဝါဒ ဘယ်လိုရေးဆွဲရမယ်စတဲ့ ပညာရပ်တွေ အများကြီးရခဲ့တယ်။

ကျွန်တော်တို့ မွန်မှာလည်း NCA ကြောင့် မိမိလူမျိုးကို အခြေခံတဲ့ မူဝါဒတရပ် ပေါ်ပေါက်လာတယ်။ နောက်တစ်ခုက မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဥ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ကြတယ်။ ပူးပေါင်းလုပ်ဆောင်မှုတွေ အားကောင်းလာတယ်။ လွယ်လွယ်ကူကူနဲ့ သွားလာနိုင်ကြတယ်။ နောက် Civil Society အခန်းကဏ္ဍကို မြှင့်တင်နိုင်ခဲ့ပြီးတော့ self-interest group လို့ ခေါ်တဲ့ ပညာရေး၊ မီဒီယာစတဲ့ အဖွဲ့အစည်းတွေလည်း အများကြီးပေါ်ပေါက်လာတယ်။ ဒါပေမယ့်လို့ NCA စာချုပ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်က အောင်မြင်ခဲ့ သလား၊ ဖြစ်မလာခဲ့ဘူး။ ဘာနဲ့သွားတူလဲဆိုတော့ ကြက်ဥ half-bows လိုမျိုး ကျက်တဝက်၊ မကျက်တဝက်ပေါ့။ အဖွဲ့အစည်းတစ်ဝက်လောက်ကပဲ NCA ကို သွားရောက် ဆွေးနွေးပြီးတော့ ထွက်လာတဲ့သဘောတူညီချက်တွေကို ကျန်တဲ့လူတစ်ဝက်က လက်မခံနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဆိုတော့ သဘောမတူတဲ့ အစုအဖွဲ့တွေဘက်က သဘောတူတဲ့ အစုအဖွဲ့တွေဘက်ကို ပြန်တိုက်ကြမလား။ အဲဒီလိုမျိုး စဥ်းစားလိုက်ရင် ဘယ်လိုမှ ရှေ့ဆက် သွားလို့မရဘူး။

ဒါကြောင့် NCA စာချုပ်ဟာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်အတွက် ထင်သလောက် ခရီးမပေါက်ခဲ့ဘူး။ ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ၊ NCA စာချုပ်ကြောင့်လား၊ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်း မမှန်လို့လား၊ အစုအဖွဲ့အားလုံး မပါနိုင်လို့လား၊ ပြန်လေ့လာဖို့တော့ လိုမယ်။ စာချုပ်ကြောင့်ဆိုရင် စာချုပ်ကို ကျွန်တော်တို့ ပြန်သုံးသပ်ရမယ်၊ ဒီထက်ကောင်းတဲ့စာချုပ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ၅ ပွင့်ဆိုင်၊ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပုံစံတွေက နည်းလမ်းမကျလို့လား၊ ဆုံးဖြတ်ချက်ချပုံတွေက ပုံမှန်မဟုတ်လို့လား၊ ဒါတွေကို ကျွန်တော်တို့ ပြန်သုံးသပ်ရမယ်။ နောက်ပြီးတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ဘယ်လိုမျိုး ပြန်လုပ်ကြရင်ကောင်းမလဲ စသဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေအတွက် သင်ခန်းစာတွေပေါ့။ ဒီအားနည်းချက်၊ အားသာချက်တွေကို ပြန်သုံးသပ်ပြီးတော့ နောင်လာမယ့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တဲ့အခါကျရင် ပြန်အသုံးချလို့ရသွားမယ်။

မေး ။ ။ မကြာခင်ရက်ပိုင်းအတွင်း စစ်ကောင်စီက NCA “၈” နှစ်ပြည့် အခမ်းအနား လုပ်ဖို့ရှိတဲ့အပေါ် ဘယ်လိုမြင်ပါလဲ၊ ဘယ်အဖွဲ့တွေက တက်ရောက်နိုင်မယ်လို့ထင်လဲ။

ဖြေ ။ ။ ကျွန်တော့်အမြင်နဲ့ ပြောရမယ်ဆိုရင် NCA စာချုပ်ဟာ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးဆိုတာကို စစ်တပ်ကလည်း နားလည်နေလောက်ပြီ၊ ဒါပေမယ့် သူအသေမသတ်လိုက်ဘူး၊ လိုအပ်တဲ့အခါ ထုတ်သုံးလို့ ရအောင် ဒီအတိုင်းပဲ သူထားထားတယ်။ လောလောဆယ်က အလုပ်မဖြစ်ဘူးဆိုတာ သူ (စစ်တပ်) သိနေတယ်။ ဆိုတော့ ဒီအခမ်းအနားကိုလုပ်တာဟာ ပုံမှန်ပါပဲ။ ဒီလို အခမ်းအနားမျိုးကိုမှ သူမလုပ်ပေးနိုင်ဘူးဆိုရင် NCA ပျက်သွားပြီဆိုတဲ့ ပြောဆိုချက်တွေကို သူလက်ခံလိုက်တဲ့သဘော သက်ရောက်သွားမယ်။ အခုက တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ ဘာဖြစ်နေကြလဲဆိုတော့ တချို့က NCA မရှိတော့ဘူး၊ ပျက်ပြီ။ တချို့က မပျက်ဘူး၊ တချို့ကတော့ ငြိမ်နေတယ် အမျိုးမျိုးပြောနေကြတာ ရှိတယ်။ စစ်တပ်ကတော့ အဲဒီလိုမျိုး အဖြစ်မခံဘူး၊ သူလုပ်မှာပဲ။ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA စာချုပ် ပျက်ရတယ်ဆိုတဲ့ စွပ်စွဲချက်ကို သူလက်မခံချင်ဘူး။

ဘယ်အဖွဲ့တွေက တက်ရောက်ကြမလဲဆိုတော့ အခြေအနေအရ စစ်တပ်နဲ့ အမြဲထိတွေ့ ဆက်ဆံနေတတ်တဲ့ မြောက်ပိုင်းက UWSA, SSPP တို့လိုမျိုးပေါ့၊ ဒါပေမယ့် အဖွဲ့တွေကို နှစ်ပိုင်းခွဲပြီး စစ်တပ်က ဖိတ်ကြားနိုင်လောက်တယ်၊ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့နှင့် မထိုးတဲ့အဖွဲ့ကို လေ့လာသူ အနေနဲ့ပေါ့။ အထူးသဖြင့် NCA ထိုးတဲ့ အဖွဲ့တွေထဲကဆိုရင် လက်ရှိ PPST ၅ ဖွဲ့တို့ကတော့ တက်ရောက်ဖို့ သေချာမယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီကကြတော့ တဆင့်နိမ့်တဲ့ ကိုယ်စားလှယ်တစ်ဦးဦးကို စေလွှတ်ပြီး တက်ဖို့ ရှိနိုင်တယ်၊ ဘာလို့လဲဆိုတော့ NCA သဘောတူ လက်မှတ်ထိုးထားတယ်၊ NCA ကို လက်မခံဘူး၊ ပျက်ပြီ ဆိုတာလည်း ထုတ်ပြောခဲ့တာ မရှိဘူးဆိုတော့ အနည်းဆုံးတော့ ပါတီရဲ့ဗဟိုကော်မတီဝင် မဟုတ်ရင် ဗဟိုအလုပ်မှုဆောင် တစ်ဦးဦးကို စေလွှတ်ပြီး တက်ရောက်ခိုင်းမယ့် သဘောမှာ ရှိတယ်။ KNU မတက်ဘူး၊ CNF လည်း မတက်ဘူး။ RCSS ကတော့ မွန်ပြည်သစ်ပါတီလိုပုံစံမျိုး တက်ရောက်နိုင်ဖို့ရှိမယ်။

မေး ။ ။ နောင်လာမယ့် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး အခင်းအကျင်းတွေက ဘယ်လိုပြောင်းလဲသွားနိုင်လဲ။

ဖြေ ။ ။ လက်ရှိအခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ တော်တော်များများမှာ NCA ပျက်ပြယ်ပြီ၊ လက်မခံတော့ဘူးဆိုတဲ့ တရားဝင် ကြေညာတာမျိုး ဘယ်အဖွဲ့ကမှ မထုတ်ပြန်ရသေးဘူး။ အလုပ် မဖြစ်တော့ဘူး ဆိုတာကို လက်ခံကြတယ်ဆိုတော့ ဒီ NCA ကို ဘယ်အချိန်မှာ ပြန်ပြီးတော့ အကောင်အထည် ဖော်လို့ရမယ်ဆိုတာ စစ်တပ်က ရွေးကောက်ပွဲလုပ်ပေးမယ်၊ ပြီးတော့ ပါလီမန် (လွှတ်တော်) နှင့် ရွေးကောက် တင်မြှောက်တဲ့ အစိုးရသစ်တရပ် ပေါ်ထွက်လာတဲ့တချိန်ကျရင် ပြန်ဖော်ဆောင်လို့ရတယ်။ ဒါပေမယ့် လက်ရှိ NCA ကို လက်ခံနေတဲ့ အဖွဲ့တွေက ဘယ်လောက်ကျန်လဲတော့ မသိဘူး။ ၁၀ ဖွဲ့ထဲမှာ ၅ ဖွဲ့လောက်ပဲ ကျန်တော့မလား အဲဒီလိုမျိုး ဖြစ်လာမယ်။ ဆိုတော့ အဲဒီ ၅ ဖွဲ့လောက်နဲ့ပဲ ရှေ့ဆက်ကြမယ်ဆိုရင် NCA က ခရီး ပေါက်နိုင်လား မေးခွန်းပြန်ထုတ်ရတော့မယ်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဖြေရှင်းနိုင်ဖို့ဆိုရင် လက်ရှိ NCA နဲ့ သွားလို့ မရတော့ဘူး။ လမ်းကြောင်းအသစ်တွေနဲ့ ချဉ်းကပ်ရတော့မယ်။ ပြောရမယ်ဆိုရင် NCA 2.0 ပေါ့၊ NCA အဟောင်းကို ဘယ်အဖွဲ့မှလည်း လက်မခံနေဘူး။ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေ ကိုယ်၌ကလည်း NCA အပေါ် ယုံကြည်မှု မရှိကြတော့ဘူး။ ဒီ NCA နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်တော့ဘူး။ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့မှုကြောင့်ပဲ စစ်ပွဲပဋိပက္ခတွေ အခုလိုမျိုး ထပ်ကြုံ လာတယ်ဆိုတော့ လာမယ့်နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နည်းလမ်းအသစ်၊ Platforms အသစ်တွေနဲ့ ချဉ်းကပ်ရတော့မယ်။ အစုအဖွဲ့အားလုံး ပါဝင်နိုင်ရမယ်၊ နောက် ဒိုင်းလိုမယ်။ အခု NCA မှာက ဒိုင်းမရှိလို့ဘဲ အခက်အခဲ ဖြစ်နေတာ၊ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မပါလာနိုင်ကြတာပါ။ ဒိုင်းတစ်ယောက်တော့ လိုမယ်။ ဆိုတော့ ဘယ်သူတွေက ဒိုင်းလုပ်ပေးသင့်လဲ။

ကျွန်တော့်အမြင်နဲ့ ပြောမယ်ဆို UN မဟုတ်ရင် Asian အဖွဲ့တို့လိုမျိုး ဖြစ်သင့်တယ်။ နောက် Asian တစ်ခုတည်းနဲ့ အားပျော့နေမယ်။ ဘာလို့လဲဆိုတော့ Asian အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်းမှာကိုက အဆင့်သိပ်ကွာကြတာ မဟုတ်ဘူး။ အနောက်ကနေ Backup ခိုင်ခိုင်မာမာ လုပ်ပေးနိုင်မယ့်လူ ရှိဖို့လိုတယ်။ UN၊ အမေရိကန်၊ တရုတ် ဘယ်သူဖြစ်ဖြစ် ရတယ်။ အဲဒီအင်အားကြီးနိုင်ငံတွေက မြန်မာနိုင်ငံရေး ပြဿနာကို ပြေလည်စေဖို့ စိတ်ရင်းအမှန် နဲ့ ပါဝင်ပြီး ကူညီဖြေရှင်းကြမယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းအသစ်တွေ အောင်မြင်လာနိုင်တယ်။ မြန်မာ့နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရပဲ ဖြေရှင်းလို့ရမယ်။ ဘယ်အချိန်အဆင်သင့် ဖြစ်ကြမလဲ ဆိုတာကိုတော့ မပြောနိုင်ဘူး။ အရင်းခံပြဿနာကို ဖြေရှင်းရာမှာ မပါမဖြစ်တဲ့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ ကအစ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အထူးသဖြင့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ပေါ့၊ သူပြန်လွတ်လာရင် ဘယ်လိုလုပ်ကြမလဲ။

ဒီဖြစ်စဥ်တွေထဲ ပြန်ပါလာနိုင်အောင် NUG အပါအဝင်ပေါ့၊ အားလုံး ပါဝင်ကြပြီးတော့ တစုတစည်းထဲ ဖြစ်နေဖို့ လိုတယ်၊ ဒါမှလည်း စစ်တပ်နဲ့ စကားပြောလို့ ရမယ်။ နိုင်ငံရေး ဆွေးနွေးပွဲ နည်းလမ်းအသစ်၊ Platforms အသစ်တစ်ခု ပေါ်ပေါက်လာမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေအပါအဝင် ဒီဘက်မှာရှိတဲ့ နွေဦးတော်လှန်ရေးအဖွဲ့ အစည်းတွေအားလုံးပေါ့၊ ကိုယ်က ဘယ်လိုပုံစံမျိုး လိုအပ်မလဲ၊ ဘာကိုယူမှာလဲ၊ အခုကတည်းက ဆွေးနွေးကြရမယ်၊ ချမှတ်ထားရမယ်။ နောက် Peace broker ဆိုတဲ့ ဒိုင်းနေရာမှာလည်း ဘယ်သူ့ကို ရွေးချယ်ကြမလဲ။ ယူအန်ကနေ ယူမလား၊ အာဆီယံက ယူမလား၊ အမေရိကန်၊ တရုတ်တို့ကို ယူမလား၊ ကျွန်တော်တို့ ပြင်ဆင်ထားဖို့တော့ လိုမယ်လို့ ပြောချင်ပါတယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here