မြိတ်မြို့ အထက်တန်းကျောင်းတခုမှ ကျောင်းသားမိဘနှင့်ဆရာဆရာမများထံ လျှပ်စစ်မီတာခကောက်ခံ

0
323
မြိတ်မြို့ အထက်တန်းကျောင်းတခုမှ ကျောင်းသားမိဘနှင့်ဆရာဆရာမများထံ လျှပ်စစ်မီတာခကောက်ခံ

တနင်္သာရီတိုင်း၊ မြိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၁) တွင် တက်ရောက်နေကြသည့် ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများထံမှ ကျောင်း၏ လျှပ်စစ်မီး မီတာခများ ကောက်ခံနေသည်ဟု ကျောင်းသားမိဘများက ပြောသည်။

ကျောင်းတွင် လျှပ်စစ်မီတာခ အကြွေးပေးဆပ်ရန် ကျပ်သိန်းဆယ်ချီ ရှိနေသည့်အတွက် အောက်တိုဘာ လဆန်းပိုင်းမှ စတင်ပြီး ကျောင်းသားတစ်ဦးကို မီတာခငွေ ၅၀၀၀ ကျပ် ကောက်ခံနေသည်ဟု ကျောင်းသားမိဘ များက ပြောသည်။

စစ်ကောင်စီမှ ကျောင်းအထွေထွေအသုံးစရိတ် ဘတ်ဂျက်ငွေများ ချပေးရာတွင် ကျောင်းသုံးလျှပ်စစ်မီတာခကို ရန်ကုန်တိုင်းတွင် ကောက်ယူသည့် ယူနစ်ဈေးနှုန်းနှင့် တွက်ချက်ချပေးသဖြင့် မီတာခ အကြွေးတင်လာရခြင်း ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ကျောင်းသားမိဘများထံမှ လျှပ်စစ်မီး မီတာခ ကောက်ခံခြင်းမှာလည်း ပထမဆုံး ဖြစ်သည်ဟု ကျောင်းသားမိဘများက ပြော ဆိုသည်။

“မီတာခကို ကျောင်းသားတိုင်း ကောက်တာမျိုး မဟုတ်ပါဘူး။ အိမ်ထောင်စု စာရင်းထဲမှာ ကျောင်းသား တစ်ယောက်ပဲရှိရှိ ဆယ်ယောက်ပဲရှိရှိ၊ တစ်ယောက်အတွက်ပဲ ၅၀၀၀ ကျပ် ကောက်ခံတာပါ။ ပိုပြီး မကောက်ပါဘူး၊ ဆရာ ဆရာမတွေဆီမှာလည်း ကောက်ခံပါတယ်” ဟု ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့တစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်မီတာခ အခက်အခဲများ ပြေလည်နိုင်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့နှင့် အစည်းအဝေးလုပ် ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့ ကောက်ခံရခြင်း ဖြစ်သည်ဟု အဆိုပါကျောင်းကော်မတီဝင် တာဝန်ရှိသူက ပြောသည်။

မဟာဓါတ်အားလိုင်း မရရှိသေးသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လျှပ်စစ်မီတာခမှာ လောင်စာဆီစျေး အတက်အကျပေါ် မူတည်၍ လစဥ် စျေးနှုန်းပြောင်းလဲမှုများ ရှိနေပြီး ဇူလိုင်လတွင် တယူနစ် ၁၀၀၈ ကျပ်၊ သြဂုတ်လတွင် ၁၀၇၅ ကျပ်နှင့် စက်တင်ဘာလအတွက် ၁၀၆၀ ကျပ် အထိ ပေးဆောင်နေကြရချိန်တွင် ရန်ကုန်တိုင်းမှ လျှပ်စစ်မီတာခ စျေးနှုန်းမှာ တစ်ယူနစ် ၃၅ ကျပ်သာ ရှိနေသည်ဟု ၎င်းက ပြောသည်။

လက်ရှိကျောင်းတွင် ကြုံတွေ့နေရသည့် လျှပ်စစ်မီတာခ အသုံးစရိတ် မလုံလောက်မှုနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသည့် ဘတ်ဂျက်ငွေ အခက်အခဲများကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနသို့ လစဥ် တင်ပြခဲ့ သော်လည်း ပယ်ချခံနေရခြင်းကြောင့် ဆရာဆရာမများကိုပါ မကျန် မီတာခ ကောက်ခံနေရခြင်း ဖြစ်သည်ဟု အဆိုပါကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

စစ်အာဏာမသိမ်းခင် ယခင်အစိုးရခေတ်များက ကျောင်း၏အထွေထွေအသုံးစရိတ် ဘတ်ဂျက်များကို ဒေသနှင့် ကိုက်ညီအောင် တွက်ချက်၍ ချပေးလေ့ရှိပြီး လိုအပ်ချက်များ ရှိပါကလည်း ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်တင်ပြ လျှောက်ထားပါက ထပ်မံဖြည့်စွက်ပြီး ပြေလည်အောင် စီစဥ်ပေးလေ့ရှိခဲ့ကြောင်း ဆရာ၊ဆရာမများက ပြောဆိုသည်။

မြိတ်မြို့ပေါ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်း ရှိသည့်အနက် အ.ထ.က (၁) ကျောင်းသည် ကျောင်းသား၊ကျောင်းသူဦးရေ ၂၀၀၀ ကျော် ရှိနေပြီး စာသင်ကြားပေးနေသည့် ဆရာ၊ဆရာမ ၁၅၀ ဦး ဝန်းကျင် ခန့် ရှိသဖြင့် ကျောင်းသားဦးရေ အများဆုံးရှိသည့် အထက်တန်းကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here