“ရည်ရွယ်ချက်ရှိရှိနဲ့ ရက္ခိုင့်တပ်တော် တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်တဲ့ပုံစံမျိုး ဆက်လက် ဖြစ်လာရင်တော့ ရရှိထားတဲ့ ယုံကြည်မှုတွေ ပျက်ယွင်းသွားပြီးတော့မှ အခုထက်တင်းမာတဲ့ အနေအထားမျိုးထိ ရောက်သွားနိုင်တယ်” ဦးခိုင်သုခ (ULA / AA ပြောခွင့်ရသူ)

0
331
ပုံစာ - ULA / AA ပြောခွင့်ရသူ ဦခိုင်သုခ

လိုင်ဇာမှာရှိတဲ့ AA တပ်စခန်း လက်နက်ကြီးနှင့်တိုက်ခိုက်ခံရမှုအပေါ် ULA/AA ပြောခွင့်ရသူဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်။

စက်တင်ဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီခွဲခန့်မှာ ကချင်ပြည်နယ် စစ်ကောင်စီတပ်စခန်း ခါယာတောင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် လိုင်ဇာဒေသရှိ ရက္ခိုင့်တပ်တော်- AA မုန်လိုက်ခတ်စခန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ AA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး လက်နက်ကြီးကျည် ထိမှန်ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချို့ရှိခဲ့ကြောင်း သိရသည်။

အဲဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ရန်စမှုများ ဆက်လုပ်လာပါက ယုံကြည်မှု ပျက်ယွင်းသွားပြီး ယခုထက်တင်းမာသည့် အနေအထားမျိုးအထိ ရောက်သွားနိုင်ကြောင်း Òစစ်ကောင်စီက ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေ များလာလို့ရှိရင် အခြေနေက ပြောင်းသွားနိုင်ကြောင်း Ó ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

အခုလို ပစ်ခတ်ခံရမှုအခြေအနေနဲ့ ဒီလိုဖြစ်စဉ်တွေက ရခိုင်မှာ AA နဲ့ စစ်ကောင်စီအကြား နားလည်မှုနှင့် အပစ်အခတ် ရပ်စဲထားသည့် ရခိုင်နိုင်ငံရေး၊ စစ်ရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မယ်ကို သိရှိနိုင်ရန် ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လိုင်ဇာမှာရှိတဲ့ AA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ AA က အရာရှိတစ်ဦး ကျဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အခြေအနေ အသေးစိတ်ကိုပြောပြပေးပါလား။

ဖြေ။ ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ ခါယာကုန်းတောင်ကြားကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်။ အဲ့ဒီမှာ လိုင်ဇာဧရိယာ အတွင်းမှာရှိတဲ့ မုန်းလိုင်ခတ်ပေါ့နော်၊ အဲ့ဒီက ကျနော်တို့တပ်စခန်းတစ်ခုကို လက်နက်ကြီး ကျရောက် ပေါက်ကွဲတာ ရှိတယ်။ ကျွန်တော်တို့ဘက်က အရာရှိတစ်ယောက်နဲ့ နောက်ရဲဘော်တချို့ ဒဏ်ရာရရှိဝာာ ရှိတယ်ဗျ။ ဒဏ်ရာရရှိသွားတဲ့ ဗိုလ်ကြီးအဆင့်အရာရှိကတော့ ညနေ ၄:၀၀ နာရီလောက်မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရင်းနဲ့ ကျဆုံးသွားတယ်ဗျ။ ကျန်တဲ့ရဲဘော်တွေကတော့ ဆေးကုသမှု ဆက်လက်ခံယူနေရတဲ့ အနေအထားပေါ့။

မေး။ ။ ဒဏ်ရာရရှိတဲ့ ရဲဘော်အရေအတွက်က ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ အဲဒီအရေအတွက် အတိအကျကိုတော့ ခုထိ ကျွန်တော့်ဆီကို ပို့လာတာတော့ မရှိသေးဘူးခင်ဗျ။

မေး။ ။ ဒီပစ်ခတ်မှုက တိုက်ပွဲကြောင့် ဖြစ်တာပါလား၊ ဘယ်လိုမျိုးကြောင့် ပစ်ခတ်ခံရတာပါလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မြန်မာစစ်တပ်ရဲ့ အခြေစိုက်စခန်းပေါ့နော်၊ ခါယာတောင်ကြောကနေ ပြောရမယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာပေါ့ဗျာ၊ အဲ့ဒီအနေအထားပါပဲ။ တစ်ခုရှိတာကတော့ လိုင်ဇာနဲ့ သိပ်မဝေးတဲ့နေရာ နမ်ဆန်ယန်ဆိုတဲ့ဒေသမှာတော့ မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်လာတဲ့ အတွက်ကြောင့်မလို့ KIA, PDF အပါအဝင်ပေါ့နော် ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ တစ်လကျော်တော့ရှိပြီခင်ဗျ အဲ့ဒီဘက်မှာ။

မေး။ ။ အခုလိုပစ်ခတ်ခံရမှုအပေါ်မှာရော ဦးခိုင်သုခတို့အနေနဲ့ ဘယ်လိုမျိုးတုံ့ပြန်ချင်ပါလဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ရေးကိစ္စဖြစ်တဲ့အတွက်ကြောင့် ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်ကနေပြီးတော့ သင့်တော်သလို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ကိစ္စကတော့ အခုချိန်ထိ ကျွန်တော့်ဆီကို ဘာမှရောက်လာတာ မရှိသေးဘူးခင်ဗျ။

မေး။ ။ ၂၀၂၂ ခုနှစ်ကလည်း တကျော့ပြန်တိုက်ပွဲမှာ AA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လာရောက် ဗုံးကြဲပြီးနောက်ပိုင်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာတာဆိုတော့ ဒေသခံတွေအနေနဲ့ကလည်း ရခိုင်မှာ လက်ရှိက အပစ်အခတ် ရပ်စဲထားတဲ့ကာလဖြစ်တယ်ဆိုတော့ ဒီအပေါ်မှာ ပြန်ပြီးတိုက်ပွဲဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာရော ဦးခိုင်သုခအနေနဲ့ ဘာပြောချင်ပါလဲ။

ဖြေ။ ။ အဲ့ဒီလိုမျိုး ကံသေကံမပြောလို့တော့ မရဘူးပေါ့နော်။ ဘာကြောင့်လဲဆိုရင် ရခိုင်မှာကျတော့ လူသားချင်းစာနာမှုဆိုင်ရာ ပစ်ခတ်ရပ်စဲရေးက အခုချိန်ထိ တည်မြဲနေတုန်းလို့ ပြောလို့ရတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ တဖက်နဲ့တဖက် ထိပ်တိုက်တွေ့မှုတွေ တချို့ရှိပေမယ့်လည်း ဒီတင်းမာမှုတွေကနေ တိုက်ပွဲဖြစ်ပွားတဲ့ အနေထားမျိုးတော့ မရှိသေးဘူးခင်ဗျ။ နောက်တခုရှိတာက လိုင်ဇာဘက် ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရဲ့ဌာနချုပ် အခြေစိုက်ချထားတဲ့နေရာဘက်မှာ ထူးခြားချက်ကနေပြီးတော့ လုံခြုံရေး လိုအပ်ချက်အရပေါ့နော်၊ ကျွန်တော်တို့ဘက်က ရက္ခိုင့်တပ်တော်တပ်ဖွဲ့တွေကို တပ်ဖြန့်ထားရတာတွေ ရှိတယ်။

နောက်ပြီးတော့ ကျွန်တော်တို့မဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့မှ လှုပ်ရှားနေရတဲ့ အနေအထားတွေ ရှိတယ်။ အဲ့ဒီလို အနေအထားတွေမှာ မြန်မာစစ်တပ်ဘက်ကနေ ကျွန်တော်တို့ရှိတဲ့ နေရာတွေကို ဝင်ရောက်လာလို့ ရှိရင်တော့ မလွှဲမရှောင်သာ တိုက်ပွဲဖြစ်တဲ့ဟာတွေ ရှိတယ်။ ဒါကြောင့်မို့လို ဒီဘက်မှာ ဥပမာ-ကချင်ပြည်ဘက် အခြားနေရာတွေမှာ တိုက်ပွဲဖြစ်ပေမယ့်လည်း ရခိုင်ဘက်မှာ တိုက်ပွဲဖြစ်မယ်လို့ ကံသေကံမ ပြောလို့တော့ မရဘူးပေါ့နော်။ ဒါပေမယ့်လို့ ဒီလိုမျိုး လက်နက်ကြီး ပစ်ခတ်တဲ့ဖြစ်စဉ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကတော့ အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်ဗျ။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ကျွန်တော်တို့ KNU/KNLA တပ်မဟာ ၅ ဧရိယာမှာရှိတဲ့ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုကို မြန်မာစစ်တပ်ဘက်ကနေ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက် ပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တာရှိတယ် ဆိုတော့ အဲ့လို ဖြစ်စဉ်မျိုး နောက်ပိုင်းမှာ တဖက်နဲ့တဖက် တင်းမာမှုတွေ မြင့်တက်လာပြီးတော့မှ တိုက်ပွဲဖြစ်တဲ့ အနေအထားထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။

ဒါပေမယ့်လို့ ခုအနေအထားကတော့ အဲ့လိုမျိုး တထစ်ကျပြောလို့တော့ မရသေးဘူးပေါ့နော်။ နောက်ဆက်လက် ပြီးတော့မှ ဒီအခြေနေ အခုအနေအထားထက် ပိုပြီးတော့မှ မြန်မာစစ်တပ်ဘက်က ဘာတွေလုပ်လာမလဲပေါ့နော်။ သူတို့ဘက်က ကျွန်တော်တို့ ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေ များလာလို့ရှိရင် အခြေနေက ပြောင်းသွားနိုင်တာပေါ့။ ဒါကြောင့်မလို့ အခုချိန်မှာတော့ ဘာဖြစ်မယ်ဆိုတာကတော့ အတိအကျ ပြောလို့မရသေးဘူးဗျ။

မေး။ ။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဦးခိုင်သုခအနေနဲ့ ဘာများဖြည့်စွက်ပြီးပြောချင်တာရှိပါလဲ။

ဖြေ။ ။ ဖြည့်စွက်ပြီး ပြောချင်တာကတော့ အခုရခိုင်ဘက်မှာဆိုရင်တော့ အပစ်အခတ် ရပ်စဲရေးက ဆက်ပြီးတော့ တည်တံ့နေတယ်။ ဒီလိုမျိုး တည်တံ့နေတဲ့ အခြေအနေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက္ခိုင့်တပ်တော် တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်တဲ့ပုံစံမျိုး ဆက်လက် ဖြစ်လာရင်တော့ ရရှိထားတဲ့ ယုံကြည်မှုတွေ ပျက်ယွင်း သွားပြီးတော့မှ အခုထက်တင်းမာတဲ့ အနေအထားမျိုးထိ ရောက်သွားနိုင်တယ်လို့ ကျွန်တော်ကတော့ အဲ့လို သုံးသပ်တာပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာကလည်း မြန်မာစစ်တပ်ရဲ့ လှုပ်ရှား လုပ်ဆောင်မှုတွေအပေါ်မှာ အဓိကမူတည်တာပေါ့။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here