နိုင်ငံတဝှမ်း စစ်ကောင်စီ၏ ဖျက်ဆီးခြင်းခံခဲ့ရသည့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိနေ

0
393
ပုံစာ - စစ်ကောင်စီ၏ဖျက်ဆီးခြင်းခံခဲ့ရသည့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိ။ (Photo-NUG Press)

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့၏ ဖျက်ဆီးခြင်းခံခဲ့ရသည့် စာသင်ကျောင်းပေါင်း ၁၁၉ ကျောင်းအထိရှိပြီး သေဆုံးခဲ့သည့် ကလေးသူငယ်ပေါင်း ၅၀၀ နီးပါးရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ-NUG က အောက်တိုဘာ ၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်သို့ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၁၂၀ က တိုက်ပွဲမဖြစ်ဘဲ ဖျက်အားပြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းတိုက်နှင့်ကပ်လျက် ကျေးရွာအခြေပြု စာသင်ကျောင်းရှိ ကျောင်းသူကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဥ်နှင့်ပတ်သက်၍ NUG က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဆိုပါ စာသင်ကျောင်းဖြစ်စဥ် အပါအဝင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲတွင် အခုလိုပြောသည်။

“ဒီကိစ္စတစ်ခုတည်းမဟုတ်တဲ့ စစ်ကောင်စီက ကျုးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေ အများကြီးရှိတာ ကမ္ဘာက သိပြီးသားပါ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး စတဲ့သူတွေကိုယ်တိုင်က ထုတ်ဖော် ပြောဆိုမှုတွေ ရှိပါတယ်။ ကျနော်တို့က ခိုင်ခိုင်မာမာနဲ့ အချက်အလက်ကောက်ယူထားတာပါ။ ဒီထက် ပိုပြီးတော့ မြေပြင်မှာ များနိုင်ပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိခဲ့ပေမယ့် ကမ္ဘာရဲ့အရေးယူ ဆောင်ရွက်မှုကတော့ အားနည်းနေပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ဒီရာဇဝတ်မှုတွေ မကျူးလွန်နိုင်အောင် ကျနော်တို့တွေ တားဆီးလုပ်ဆောင်သွားရမှာ ဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ပြောဆိုသည်။

အကြမ်းဖက်မှုများကို ကျုးလွန်နေသော စစ်ကောင်စီအား နိုင်ငံတကာက လက်နက်တင်ပို့ ရောင်းချနေခြင်းကို ရပ်တန့်ရန်၊ ကုလသမဂ္ဂအပါအဝင် အာဆီယံအနေဖြင့် လူသားချင်းစာနာရေး စည်းမျဥ်းများကို လိုက်နာ၍ အကူအညီများ မြေပြင်သို့ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်ရန်၊ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ အတွက် တရားမျှတမှုရရှိရန်နှင့် ထပ်မံမဖြစ်ပွားအောင် ဆောင်ရွက်ပေးရန်ကို ဝန်းသိုမြို့ဖြစ်စဉ်တွင် ဒဏ်ရာရသူများကို ကုသစောင်ရှောက်မှုပေးခဲ့သည့် သူနာပြုဆရာမတစ်ဦးက‌တောင်းဆိုသည်။

ထို့အပြင် စာသင်ကျောင်းများ တိုက်ခိုက်ခံရမှုတွင် ကုသစောင့်ရှောက်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းစဥ်များ အတွက် NUG အနေဖြင့် လူသားချင်းစာနာရေးဆိုင်ရာ ဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကော်မတီဖွဲ့ထားကြောင်း NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။

“ပဇီကြီးတို့ ကရင်နီဘက်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ဆိုရင်လည်း ကျနော်တို့ အရေးပေါ်အနေနဲ့ ဆောင်ရွက်ခဲ့ တာတွေ ရှိတယ်။ မတိုင်ခင်မှာ ကြိုတင်ကာကွယ်တာဆိုရင်လည်း ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးပေးထားတယ်။ ကျောင်းသားတွေကိုလည်း ဒါနဲ့ပတ်သက်ပြီး ကဗျာတွေသင်တာ သရုပ်ဆောင်တာမျိုး ကျောင်းတိုင်းမှာလုပ်တာ ရှိတယ်။ ကုသဆိုရင်လည်း ဆေးဝါးတွေအဆင်သင့် နီးရာဆေးရုံဆေးခန်းတွေ ပြင်ဆင်ထားတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းများ ပျက်စီး၍ ကျောင်းသားလူငယ်များ ထိခိုက်သေဆုံးရမှု ဖြစ်စဉ်သည် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ် နယ်မြေများတွင်လည်း မကြာခဏ ဖြစ်ပွားလာနေသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က KNU တပ်မဟာ (၅) ထိန်းချုပ်သည့် ဖာပွန်ခရိုင်အတွင်းရှိ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် ဘာသာရေးအဆောင်အဦးများ ပျက်စီးပြီး ကျောင်းဆရာနှင့် ကျောင်းသားများ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်နှင့် စပ်လျဥ်း၍ KNU က နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီအား ပိတ်ဆို့ အရေးယူမှုများ တိုးမြှုင့်ပြုလုပ်ပေးရန် စက်တင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ် တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် မေလ အထိ KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၁၇ ကျောင်း ထက်မနည်း ပျက်စီးခဲ့ရသည်ဟု ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD ကလည်း ပြောဆိုထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here