သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း ဆောင်ရွက်မှုအခြေအနေနဲ့ပတ်သက်ပြီး သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့မှ ကိုစောအယ်မူးနဲ့ အမေးအဖြေ။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ကို တတိယအများဆုံး လက်နက်ရောင်းချပေးနေတဲ့ စင်ကာပူနိုင်ငံထံ လက်နက်ရောင်းချပေးတာတွေ ရပ်တန့်ပေးဖို့၊ ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို တောင်းဆိုဖို့အတွက် ပြည်သူတစ်သိန်းရဲ့လက်မှတ်ကို လိုက်လံကောက်ယူနေပါတယ်။
စစ်ကောင်စီကို ပိတ်ဆို့အရေးယူနိုင်ဖို့အတွက် လက်မှတ်စုဆောင်းမှု အခြေအနေ၊ စင်ကာပူအစိုးရရဲ့ တုံ့ပြန်မှု၊ သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း (Blood Money Campaign) ဆောင်ရွက်မှုအခြေအနေနဲ့ ပတ်သက်ပြီး သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ ကိုစောအယ်မူးကို အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အာဏာသိမ်းစစ်တပ်အတွက် လက်နက်ရောင်းချနေတဲ့ တတိယအကြီးဆုံးနိုင်ငံ စင်ကာပူအစိုးရထံ ပြည်သူတစ်သိန်း လက်မှတ်ထိုး တောင်းဆိုကြဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူပါဝင်မှု ဘယ်အတိုင်းအတာအထိ ရှိနေပါပြီလဲ။
ဖြေ။ ။ ကျွန်တော်တို့ စင်ကာပူနိုင်ငံကို ပစ်မှတ်ထားပြီးတော့မှ စစ်တပ်ထံ စီးဝင်နေတဲ့ လက်နက်တွေ၊ အကြမ်းဖက်စစ်တပ်ကို ဘဏ္ဍာရေးစနစ်ကို အသုံးပြုပေးနေတာတွေ ပိတ်ဆို့ပေးဖို့ စင်ကာပူအစိုးရကို တောင်းဆိုနေတဲ့ လှုပ်ရှားမှုကတော့ တတိယအကြိမ်တောင်ဖြစ်နေပြီ။ လနဲ့ပြန်တွက်ရင် နှစ်လ ဆက်တိုက် လောက် ဖြစ်သွားပါပြီ။ ဒီနှစ်လလောက်အတွင်းမှာ အစောပိုင်းကာလတွေမှာ စင်္ကာပူအစိုးရကို အရပ်ဖက် အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေက စုပေါင်းပြီးပညာပေး လှုပ်ရှားမှုတစ်ခု လုပ်ခဲ့တယ်။ သူတို့ဘက်က ဘာမှအကြောင်းမပြန်သေးဘူး။ အဲဒါကိုအကြောင်းပြုပြီးတော့ ကျွန်တော်တို့ နောက်တကြိမ် ထပ်ပြီးတော့ အများပြည်သူပါဝင်နိုင်တဲ့ လက်မှတ်ထိုးပါဝင်လို့ရတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့ပစ်မှတ်ကတော့ အစောပိုင်းက လက်မှတ်အရေအတွက် တစ်သိန်းလောက် ကောက်ခံမယ်ဆိုပြီး လုပ်ထားပါတယ်။ အခုလက်ရှိထိ တစ်သောင်းသုံးထောင်လောက်ပဲ ရနေသေးတယ်။ အခုကတော့ လက်မှတ်တစ်သိန်း ပြည့်အောင်လည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်။ ပြည့်အောင်လည်း အတတ်နိုင်ဆုံး လှုံ့ဆော်သွားမယ်။ မပြည့်ခဲ့ရင်လည်း ရတဲ့ရသလောက် ပို့ဆောင်ပါမယ်။ အခုလာမယ့် အာဏာသိမ်း ရက်တစ်ထောင်ပြည့် နောက်လထဲမှာရှိမယ်။ အဲဒီကျရင် စင်ကာပူအစိုးရကို အများပြည်သူ လက်မှတ်တွေနဲ့ ပူးပေါင်းပြီး အိတ်ဖွင့်ပေးစာပေးပို့သွားမှာပါ။
မေး။ ။ စင်ကာပူအစိုးရထံ ဘယ်အချက်တွေကို အဓိကတောင်းဆိုထားပါလဲ။ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ဖြေ။ ။ နံပတ်တစ်အချက်က စင်ကာပူနိုင်ငံကနေ စင်ကာပူအခြေစိုက်လက်နက်ကုမ္ပဏီတွေ၊ စင်ကာပူ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေး၊ အရေးယူတာမျိုးတွေကို လူအများသိအောင်လုပ်ဆောင်ပေးပါဆိုပြီး ကျွန်တော်တို့က တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂကအစီရင်ခံစာ ထုတ်လာတဲ့ထဲမှာ စင်ကာပူနိုင်ငံက တာဝန်ရှိတဲ့လူကြီးတွေနဲ့ သွားတွေ့တဲ့အခါမှာ စက်ကာပူအစိုးရအဖွဲ့က ဘာပြောလဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချနေတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပါမယ်ဆိုပြီး သူတို့ပါးစပ်ကနေ ထုတ်ပြောခဲ့တယ်။ အဲဒါစင်ကာပူအစိုးရအဖွဲ့ထဲကနေ ပြောကြားခဲ့တာပေါ့။ သတင်းတွေထဲ ပြန်ရှာလို့ရပါတယ်။
သူတို့ကအဲဒီလိုပြောပြီး ဘာမှထိထိရောက်ရောက် လုပ်မပေးဘူး။ သူတို့ တကယ့်တကယ်လုပ်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ကျွန်တော်တို့က တွန်းအားပေးတဲ့ဟာတစ်ခုအနေနဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေကနေ မြန်မာအကြမ်း ဖက်စစ်တပ်ကိုရောင်းချနေတဲ့ လက်နက်ရောင်းချတဲ့ကုမ္ပဏီတွေ၊ လက်နက်ရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေ၊ ပွဲစားကုမ္ပဏီတွေ၊ ပို့ဆောင်ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ အဲဒီလိုကုမ္ပဏီတွေ အားလုံးကို စုံစမ်းစစ်ဆေးတဲ့အခါမှာ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးဖို့ အဲဒီအချက်ကို တောင်းဆိုထား ပါတယ်။
နံပါတ်၂ အချက်ကတော့ စင်ကာပူကနေ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မြန်မာစစ်တပ်ကို ရောင်းချနေတာတွေ ကို စင်ကာပူအစိုးရအနေနဲ့ ပိတ်ဆို့ပေးပါဆိုပြီး ကျွန်တော်တို့ကတောင်းဆိုထားပါတယ်။ နံပါတ် ၃ အချက်ကတော့ စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်အတွက် ဘဏ္ဍာရေးဗဟိုချက် ဖြစ်တယ်။ စစ်တပ်ကို လေယာဉ်ဆီ အတွက် ငွေပေးချေတာတွေ၊ လက်နက်ဝယ်တာတွေအတွက် ငွေပေးချေတာတွေ၊ တခြားနိုင်ငံတွေကို စစ်တပ်အတွက် ငွေထုတ်ငွေသွင်း ငွေလွှဲလုပ်ပေးနေတဲ့ တကယ့်ငွေကြေးဗဟိုချက်လည်း ဖြစ်တယ်။
နောက်တချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ၄.၆ ဘီလီယံ နီးပါးကို စစ်တပ်ကို အသုံးပြုခွင့်ပေးထားတာ ပေါ့နော်။ အဲဒီအရန်ငွေတွေက စင်ကာပူနိုင်ငံရဲ့ဘဏ်တွေထဲမှာ ထားထားတာပေါ့။ စစ်တပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ထိန်းချုပ်ထားတော့ ဒီပိုက်ဆံတွေကို စင်ကာပူအစိုးရက မြန်မာနိုင်ငံကို ပေးသုံးထားတယ်။ စစ်တပ်ကိုလည်း စင်ကာပူနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်တွေကို အသုံးပြုခွင့်ပေးထားတယ်။ ကျွန်တော်တို့က တတိယအချက် တောင်းဆိုချင်တာက အကြမ်းဖက်စစ်တပ်ကို စင်ကာပူနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်တွေ ပေးမသုံးတော့ဖို့ အဓိက အချက် ၃ ချက်ကို တောင်းဆိုထားပါတယ်။
မေး။ ။ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ကို လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ လွှဲပြောင်းရောင်းချနေတာတွေကို တားဆီးပေးဖို့ ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်း နှစ်ရာနီးပါးက စင်ကာပူအစိုးရကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပြီးတဲ့နောက်မှာ ဘာတွေထူးခြားမှု ရှိလာပါလဲ။
ဖြေ။ ။ ကျွန်တော်တို့စာပို့လိုက်တော့ စင်ကာပူအစိုးရအနေနဲ့ တစုံတရာအကြောင်းပြန်တာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့လည်း အများကြီးမမျှော်လင့်ပါဘူး။ စင်ကာပူအစိုးရက ချက်ချင်းအကြောင်းပြန်လိမ့်မယ်၊ တုံ့ပြန်လိမ့် မယ်လို့ မမျှော်လင့်ဘူး၊ တိုက်ဆိုင်တာပဲလား၊ စာပို့ပြီး မကြာခင်မှာ မြန်မာစစ်တပ်ကို ဆိုနာစနစ် (sonar system) တင်သွင်းနေတဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကို အရေးယူပိတ်ဆို့လိုက်တယ်ဆိုတဲ့ သတင်းတက်လာတာပေါ့။ ဒါက တိုက်ဆိုင်တာပဲလား၊ ကျွန်တော်တို့ရဲ့တောင်းဆိုလှုပ်ရှားမှုကြောင့် လုပ်တာပဲလား။ ဟန်ပြသက်သက်ပဲလား၊ အဲဒီလိုပဲ စင်ကာပူနိုင်ငံသားနှစ်ဦးကို အရေးယူလိုက်တယ်ဆိုတာကိုတော့ တွေ့ရပါတယ်ခင်ဗျာ။
မေး။ ။ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားဖို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့မှာ ပစ်မှတ်ရှိတယ်။ အခုလက်ရှိမှာတော့ စင်ကာပူအစိုးရကို ပစ်မှတ် ထားပါတယ်။ ခုနကပြောခဲ့သလိုပဲပေါ့၊ စင်ကာပူနိုင်ငံက လက်နက်သွင်းနေတာတွေ စုံစမ်းစစ်ဆေးပေးဖို့၊ လက်နက်သွင်းနေတာတွေ လုံးဝရပ်တန့်ဖို့၊ နောက်တစ်ခုက စစ်တပ်ကို ဘဏ္ဍာရေးစနစ်တွေပေးမသုံးဖို့ ဒီ ၃ ရပ်ကို တောင်းဆိုတဲ့နေရာမှာ အရပ်ဖက်အဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေ အဖွဲ့အစည်း၂၀၀ နဲ့ တောင်းဆို ခဲ့တယ်။ ထပ်ပြီးတော့ လူအများပါဝင်နိုင်တဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ထပ်ပြီးတော့ ဖန်တီး ကြိုးစားပြီးတော့ ဆက်ပြီးတော့ စင်ကာပူအစိုးရကို ဖိအားပေးမယ်ပေါ့။
ဆုံးဖြတ်ချက်အတိုင်း အခု စင်ကာပူအစိုးရကို ဖိအားပေးဖို့ လူအများရဲ့လက်မှတ်တွေကို စင်ကာပူအစိုးရဆီကို အာဏာသိမ်းရက် တစ်ထောင်ပြည့်မှာ ကျွန်တော်တို့ပို့ဆောင်သွားဖို့ ရှိပါတယ်။ စင်ကာပူအစိုးရကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ကျွန်တော်တို့ လက်မှတ်တွေ ကောက်ခံနေပါတယ်။ ဒါကတော့ ဒီလှုပ်ရှားမှုအတွက်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေထဲမှာ ထိုင်းအစိုးရလိုပစ်မှတ်တွေလည်းပါတယ်။ PTT အုပ်စုလို အုပ်စုမျိုးတွေလည်း ပါတယ်။ စစ်တပ်ကို ငွေကြေးထောက်ပံ့တာ အများဆုံးဟာတွေ ပါတယ်ပေါ့။ ဒီလိုမျိုး ထိုင်းအစိုးရလိုမျိုး ဆိုရင်လည်း နောက်ပိုင်းမှာ ပစ်မှတ်ထားပြီး လှုပ်ရှားမှုတွေဆက်လုပ်မယ်။ အများပြည်သူ ပါဝင်နိုင်အောင်လည်း လုပ်ဆောင်ပါမယ်။
နောက်ပြီးတော့ အမေရိကန်အစိုးရဆီကနေပြီးတော့မှ တဆင့် မြန်မာ့ရေနံသဘာဝဓာတ်ငွေ့တစ်ခုလုံးကို ဆန်ရှင်ချမှတ်ပေးဖို့ တောင်းဆိုလှုပ်ရှားသွားဖို့လည်း နောက်ပိုင်းမှာ ကျွန်တော်တို့ စီစဉ်နေတာရှိပါတယ်။ တောင်းဆိုလှုပ်ရှားတဲ့အခါမှာ ကျွန်တော်တို့ အင်အားနဲ့ချည်းပဲ ဘာမှလုပ်လို့မရဘူး။ လူအများနဲ့ပေါင်းပြီးတော့မှ တောင်းဆိုလှုပ်ရှားတာဖြစ်တယ်ဆိုတော့ အဲဒီလိုအချိန်အခါမျိုးတွေမှာလည်း ဆက်ပြီးတော့ လက်မှတ်ကောက်ခံ သွားတာမျိုး လူအများရဲ့ပါဝင်မှုကို အသိအမှတ်ပြုတဲ့ လှုပ်ရှားမှုမျိုးတွေပေါ့။ အဲဒီလိုလှုပ်ရှားမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခုလက်ရှိမှာတော့ စင်ကာပူအစိုးရကို လက်မှတ်ထိုးတဲ့လှုပ်ရှားမှုကို ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်။
မေး။ ။ ကမ္ဘာလုံးဆိုင်ရာသွေးစွန်းငွေဖြတ်တောက်ရေး ဆိုရှယ်မီဒီယာကမ်ပိန်းက ဘယ်လောက်အထိ ထိရောက်ခဲ့တယ်လို့မြင်ပါလဲ။
ဖြေ။ ။ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတစ်ခုအနေနဲ့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ PTT က ဘာလဲ၊ ဘယ်လိုလဲ၊ ဘယ်လိုပါဝင်ပတ်သက်နေတာလဲ။ PTT ကဘယ်လောက်အရေးကြီးလဲဆိုတာကို မြန်မာနိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသားတွေ သိသွားတယ်။ နံပတ်နှစ်အချက်ကတော့ PTT ရဲ့ ထုတ်ကုန်တွေ သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ အထိုက်အလျောက်အောင်မြင်တယ်။ PTT ရဲ့ အင်ဂျင်ဝိုင်တွေ၊ PTT ရဲ့ လုပ်ငန်းခွဲ ကော်ဖီဆိုင်မျိုး တွေ မရှိတော့တာမျိုးတွေပေါ့။ ဒါမျိုးတွေ ကျွန်တော်တို့ သွားတွေ့တာမျိုးတွေပေါ့။ အခုထက်ထိတော့ သပိတ်မှောက်နေဆဲလား၊ သပိတ်မှောက်လား၊ မမှောက်လားဆိုတာတော့ စာရင်းပြုစုထားတာ မရှိပေမယ့် ကျွန်တော်တို့လှုပ်ရှားမှုက ထိရောက်ခဲ့တယ်ဆိုတာ သတိပြုမိတယ်။ တတိယအချက်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ထူးခြားမှုပြပါဆိုရင် PTT ကုမ္ပဏီကနေ အစုရှယ်ယာကနေ နှုတ်ထွက်သွားတယ်။
ဒေါ်လာသန်းချီ ထိခိုက်သွားတယ်။ ပြီးတော့ PTT ကုမ္ပဏီအတွက်လည်း ထိခိုက်နစ်နာမှု ဖြစ်သွားခဲ့တယ်ပေါ့။ နံပါတ် ၄ အချက်အနေနဲ့ အဲဒီကုမ္ပဏီထွက်သွားပြီးတော့ PTTOR နဲ့ ကမ္ဘာဇအုပ်စုနဲ့ ပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ ဆီဆိုင်ခွဲ ၁၀၀ ကျော်ဖွင့်ဖို့ ရှိတယ်ပေါ့နော်။ အဲဒီစီမံကိန်းကို ဖျက်သိမ်းလိုက်တယ်။ ဖျက်သိမ်းပါတယ်ဆိုပြီး လုံးဝ ကြေညာသွားတယ်။ ဒါက PTT အပေါ်မှာ လုံးဝဖိအားပေးလှုပ်ရှားမှုရဲ့ နောက်ဆက်တွဲပေါ့။ နောက်ဆုံး တစ်ခုကတော့ ရန်ကုန်မြို့အတွက် သီလဝါမှာလား မသိဘူး ဓာတ်အားပေးစက်ရုံ ထောင်ဖို့ လုပ်ထားတာရှိတယ်။ PTT နဲ့ ကမ္ဘောဇပေါင်းပြီး အဲဒါလည်း ရပ်လိုက်တယ်။ PPOR ဆိုတဲ့ လုပ်ငန်းခွဲ အနေနဲ့ ရပ်လိုက်တယ် ဆိုတော့ ဒါကတော့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ ပြုလုပ်နေတဲ့နေရာမှာ ရလာတဲ့နောက်ဆက်တွဲ ရလဒ်ကောင်းကျိုးတွေလို့ ကျွန်တော်တို့ကတော့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုတာ ရှိတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။