မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ကို စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းကနေ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို ဝင်ရောက်မွှေနှောက်တာ၊ မီးရှို့ဖျက်ဆီးနေတာတွေရှိတယ်လို့ ကမ္မမြို့ခံတွေက ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က ကမ္မမြို့ရှိ စစ်ကောင်စီလက်အောက် ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သလို တိုက်ပွဲပြီးနောက် အင်အားအလုံးအရင်း ဖြည့်တင်းလာသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်း ကနေ ကမ္မမြို့အတွင်း ဝင်ရောက်စီးနင်း တပ်စွဲနေထိုင်နေကြောင်း ဒေသခံများက ပြောသည်။
“ကမ္မမြို့ပေါ်က ရုံးတွေကို PDF တွေ ဝင်စီးတယ်၊ မီးရှို့တယ်၊ ရဲစခန်းကို ဝင်တိုက်တယ်။ သိမ်းလို့မရခင်မှာဘဲ မုံရွာ နမခက လေယာဉ်နဲ့လာပစ်တယ်၊ အခုမြို့ပေါ်မှာ ဘယ်သူမှ မရှိတော့ဘူး၊ အကုန်ထွက်ပြေးနေရတယ်” လို့ ကမ္မဒေသခံတစ်ဦးက ပြောသည်။
မြို့ခံတွေ စွန့်ခွာသွားသည့် ကမ္မမြို့အတွင်း စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းက ဒေသခံများ၏ နေအိမ်များ ကို ဝင်ရောက်မွှေနှောက်တာ၊ တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်တာ၊ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံများက ပြောဆိုသည်။
လူဦးရေ နှစ်ထောင်ကျော် နေထိုင်သည့် ကမ္မမြို့မှာ မြို့ခံတွေဟာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲ နေထိုင်နေတာကြောင့် ပေါက်မြို့နဲ့ မြစ်ခြေမြို့တွေမှာ တိမ်းရှောင်နေထိုင်ရတယ်လို့ မြို့ခံများထံက သိရသည်။
ကမ္မစစ်ရှောင်ပြည်သူများကို ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူတွေက ဆန်အပါအဝင် အခြေခံစားနပ်ရိက္ခာ တချို့ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ထားပေမယ့် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ၎င်းတို့က ပြောဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။