ဟုမ္မလင်းမြို့၊ နောင်ပိုအောင်ကျေးရွာအနီး SNA နှင့် PDF မဟာမိတ်တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

By MPM 24 စက်တင်ဘာ, 2023 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် ဒေသကာကွယ်ရေးတပ် PDF မဟာမိတ်တပ်တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

Òမနေ့ညကတည်းက ပစ်နေတာ ဒီကနေ့ညနေအထိပဲ ၊ တိုက်ပွဲက တော်တော်ကြမ်းတယ်၊ လက်နက်ကြီးတွေနဲ့ ရော ပစ်နေတာ။ ကျမတို့က ညနေ ၃ နာရီမှာ အဲ့ကထွက်လာတာဆိုတော့ နောက်ပိုင်းတော့ မသိတော့ဘူးÓ ဟု နောင်ပိုအောင်ကျေးရွာသို့ အလည်သွားရောက်ရာမှ ပြန်လာသော ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

နောင်ပိုအောင်ကျေးရွာ၊ စေတီကုန်းကျေးရွာတွင် အခြေပြုထားသော SNA ကင်းစခန်း တစ်ခုအား စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းက PDF အဖွဲ့က ၄၀ မမ ဆယ်လုံးအပါအဝင် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PDF အဖွဲ့က စေတီကုန်းကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာ သွားသည်ဟု SNA သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

ယင်းနောက် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ နောင်ပိုအောင်ကျေးရွာအနီး ကင်းစေတီ အနီးနှင့် လွှစင်ကုန်းကျေးရွာ အနီးတို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။

ထိုတိုက်ပွဲမှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညအစောပိုင်းတွင် ရပ်နားသွားသော်လည်း အချိန်မရွေး ပစ်ခတ်မှုများ ဆက်ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

“မနေ့ည ၇ နာရီလောက်က ပြီးသွားတာ ။ PDF တွေက နောင်ပိုအောင်တောင်ဘက်ကနေ ဖောင်းပြင်ဘက် လမ်းပိုင်းမှာ နေထားတာဆိုတော့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်အုံးမှာပဲ” ဟု နောင်ပိုအောင် ကျေးရွာသား တစ်ဦးက ပြောသည်။

ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် HPDF 124 က မိမိတို့ မဟာမိတ်တပ်များနှင့် စစ်ကောင်စီ ၊ SNA တပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် နောင်ပိုအောင်- ပင်ခုတ်-နတ်နန်း- ဖောင်းပြင် လမ်းတလျောက်တွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် အဆိုပါလမ်းပိုင်းအား ယာယီဖြတ်သန်း သွားလာခြင်း မပြုကြရန် ညွှန်ကြားချက်တစ်စောင်ကို စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း လွှစင်ကုန်းကျေးရွာတွင် တပ်စွဲထားသော SNA တပ်စခန်းတစ်ခုအား PDF အဖွဲ့က လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ ယင်းတိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်မှုများ ရှိသည်ဟု ကြားသိရကြောင်း ဒေသခံတချို့က ဆိုသည်။

“လွှစင်ကုန်းရွာနားက SNA က သုံးယောက်တော့ထိတယ်လို့ပြောတယ်၊ သိပ်တော့ မစိုးရိမ်ရဘူးလို့ပြောတယ် ။ PDF ဘက်ကတော့ သေချာမသိရဘူး ၊ သူတို့နေသွားတဲ့နေရာ သွေးတွေရဲနေတာပဲဆိုတော့ ထိခိုက်တာတော့ ရှိမှာပဲ၊ သေနတ်တစ်လက်လည်း SNA က ရလိုက်တယ်လို့ ပြောတယ်Ó ဟု SNA နှင့် နီးစပ်သည့် နောင်ပိုအောင် ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများအား ဆက်သွယ်မေးမြန်းရာတွင်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။