စစ်ရှိန်မြင့်နေဆဲဖြစ်သည့် ကရင်နီပြည်ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးရဲဘော်တွေရဲ့ရင်တွင်းစကားသံများ

0
450
ပုံစာ - ကရင်နီပြည်ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးရဲဘော်များ။

စစ်ကောင်စီတပ်က အထိနာနေပြီး စစ်ရှိန်မြင့်နေဆဲဖြစ်တဲ့ ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ပေးဆပ်ထားရတာတွေ များစွာရှိနေပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ နေ့စဉ်တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့က လူငယ်တွေရဲ့ သူတို့ရဲ့ရင်တွင်းဖြစ်စကားသံတွေနဲ့ တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ သူတို့မျှော်လင့်ထားတဲ့ မျှော်လင့်ချက် စတာတွေကို ရှေ့တန်းရောက်တော်လှန်ရေးရဲဘော်တချို့ကို မေးမြန်းပြီး စုစည်းဖော်ပြပေးလိုက်ပါတယ်။

အောင်ငဲ

တော်လှန်ရေးကာလမှာ လက်နက်ခဲယမ်းက အဓိက လိုအပ်တယ်။ လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် ကျနော်တို့ မနိုင်ခဲ့တဲ့တိုက်ပွဲပေါင်း များစွာရှိတယ်။ မလုံလောက်လို့ ပြန်လည်ဆုတ်ခွာရတဲ့ ပွဲလည်းရှိတယ် ပေါ့နော။ နောက်တစ်ခုက ဆေးဝါးမလုံလောက်မှုကြောင့် ကျနော်တို့ ရဲဘော်ရဲဘက်တွေ ထိခိုက်ဒဏ်ရာရရှိတဲ့ အခါမှာ ဆေးဝါးမလုံလောက်မှုကြောင့် ကျနော်တို့ရဲဘော်တွေ အသက်မပေးသင့်ဘဲ ပေးလိုက်ရတာလည်း ရှိတယ်။ ကျနော်တို့ အဲ့လိုမျိုးမကြုံတွေ့ရအောင် ထပ်မဖြစ်ရအောင် ကျနော်အနေနဲ့ မိဘပြည်သူများ ဆက်လက် ကူညီပေးကြဖို့ ပံ့ပိုးပေးကြဖို့ တိုက်တွန်းလိုပါတယ်။

ရဲဘော်တစ်ဦး

တိုက်ပွဲဝင်နေတုန်း ကျနော်တို့ရဲဘော်တွေ ကျနော့်မျက်စိရှေ့နားမှာပဲ ကျသွားတဲ့ရဲဘော်တွေ ရှိတယ်။ အဲ့ဒီအတွက် ကျနော်တို့ ကူညီပြီး ကြိုးစားခဲ့ကြတယ်၊ ဒဏ်ရာတွေရခဲ့ကြတယ်။ ကျနော်တို့က ဒါလေးနဲ့မကြောက်ရွံနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ကာကွယ်ရမှာပဲ၊ ကျနော်တို့ပြည်နယ် ကျနော်တို့ ကာကွယ်ရမှာပဲ။ ကျနော်တို့မှ မကာကွယ်ရင် ကျနော်တို့ပြည်နယ် ကျနော်တို့အနာဂတ်အတွက် ဘယ်သူမှလာပြီး မကြိုးစားပေးဘူးပေါ့။ ကျနော်တို့ အဆုံးရှုံးမခံနိုင်ဘူး။ ကျနော်တို့ ဒီထက်ပိုပြီးမှ ကြိုးစားရမယ်လို့ ဆုံးဖြတ်ထားတယ်။

လားဦး

တခါတလေဆိုရင်လည်း မိုးထဲရေထဲသွားပြီး ကိုယ့်ကိုယ်ပြန်စဉ်းစားရင် အရင်ကနဲ့ မတူတော့ဘူးပေါ့နော။ ကိုယ်အဲ့လောက် လုပ်နိုင်မှန်းလည်း ကိုယ့်ကိုယ်မသိရှိခဲ့ဘူးပေါ့နော။ ဒါပေမဲ့ ပျော်ပါတယ်၊ ဒီအလုပ်လုပ်ရတာ မမောပါဘူး။ ကျနော်တို့အတွက် ခွန်အားရသလို ကျနော်တို့ ညီနောင်ငယ်တွေလည်း သူတို့နောင်ရေးအတွက် စစ်ဖိနပ်အောက်မရောက်ဖို့ ညီနောင်တွေအတွက်ပေါ့၊ တခါတလေတော့လည်း ပျော်လိုက်၊ ပြုံးလိုက်၊ ရွှင်လိုက် တခါတလေတော့လည်း မျက်ရည်ကျရတဲ့ အချိန်အခိုက်အတန့်တွေလည်း ရှိခဲ့ဖူးတယ်ပေါ့နော။

ခူးရယ်

ကျနော်တို့ရဲဘော်တွေ ထိခိုက်နစ်နာတဲ့အချိန်မှာ ကျနော်တို့ခံစားရတာက ကိုယ့်မိသားစုဝင်တစ်ယောက် ဆုံးရှုံးသလို ကျနော်တို့ အင်မတန် ကြေကွဲခံစားရပါတယ်။ ထိခိုက်နစ်နာမှု တော်တော်လေးကြီးတာပေါ့နော။ ကျနော်တို့ လူငယ်အနာဂတ် ကြယ်ပွင့်ဖြစ်လာမယ့်သူတွေပေါ့၊ ဘယ်သူမှလည်း ကြိုပြောလို့မရဘူးပေါ့နော။ ဒါကြောင့် ကျနော်တို့လူငယ် အနာဂတ်ကြယ်ပွင့်လေးတစ်ယောက် ကြွေသွားတဲ့အချိန်မှာ ဆုံးရှုံးမှု အင်မတန် ကြီးမားတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒီတော်လှန်ရေး မပြီးမချင်းတော့ ဒီတထောင့်တနေရာကနေ အမြဲတမ်း ပါဝင်နေအုံးမှာပဲ။ ကျနော်တို့တိုက်ရင်း တခုခုဖြစ်ခဲ့သည်ရှိသော် မသေသေးရင်ပေါ့နော၊ ထောက်ပို့ပိုင်းလား ကျန်တဲ့အပိုင်းမှာ ဆက်လက်ပြီး တာဝန်ထမ်းဆောင်မှာပါ။ အဆုံးထိ ပါဝင်မှာပါ။ ဘာလို့ဆိုရင် ဒီတစ်ခေတ်နဲ့ မပြီးရင် နောင်လာမယ့် မျိုးဆက်တွေအတွက် မတွေးဝံ့ဘူးလေနော။ အဆုံးထိ သွားမှာပါ။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here