ပုလောဒေသခံ ၄ ဦး စစ်ကောင်စီစစ်ကြောင်းနှင့်တိုးပြီး သတ်ဖြတ်ခံရ

0
285
ပုံစာ - (Photo – CJ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်ဖြူကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးချိန်မှာ ထွက်ပြေးတိမ်းရှောင်ဖို့ ထွက်လာသည့် ဒေသခံ ၄ ဦးကို ရွာထိပ်တွင် သေနတ်နှင့် ပစ်သတ်သွားကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူတို့က ပြောသည်။

ပုလောမြို့နယ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၇ ရက်နေ့ ည နေပိုင်းတွင် ပြင်ဖြူကျေးရွာထဲသို့ ဝင်ရောက်လာချိန်မှာ ဒေသခံ ၄ ဦးကို ပစ်သတ်သွားတာ ဖြစ်တယ်လို့ ဒေသခံများထံက သိရသည်။

စစ်ကောင်စီစစ်ကြောင်း သတ်ဖြတ်မှုကြောင့် ပြင်ဖြူကျေးရွာသားများ ဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဒေါ်သန္တာနွယ်၊ အသက် ၄၀ အရွယ် ဒေါ်ရီဝင်း၊ အသက် ၄၀ အရွယ် ဦးငွေစိုးနဲ့ အသက် ၆၉ နှစ်အရွယ် ဦးဘကျင်တို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဒေသခံ ၄ ဦးကို သတ်ဖြတ်သွားပြီးနောက် ရွာအတွင်းရှိ နေအိမ် ၂ လုံးကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ မြဒေါင်းရွာဘက်သို့ ဆက်လက်ထွက်သွားပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ မြဒေါင်းရွာတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့နှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ရွာစဉ်လှည့်ပြီး စစ်ကြောင်း ထိုးနေခြင်းကြောင့် ပုလောမြို့နယ်ရှိ ပိတပ်၊ မြဒေါင်း၊ လက္ကူး၊ ပြင်ဖြူ အပါအဝင် ပဲ့ထောက်ကျေးရွာက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရသည်။

စက်တင်ဘာ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ကူးကျေးရွာရှိ ဒေသခံ နေအိမ် ၁၇ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားခဲတယ်လို့ ဒေသခံများက ပြောဆိုပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here