နာဂ NSCN-K အဖွဲ့နှင့် ခွဲထွက်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

By MPM 12 စက်တင်ဘာ, 2023 👁

နာဂလက်ကိုင်အဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K နှင့် ခွဲထွက်ရေးအဖွဲ့ NSCN- အန်းမိုင်အဖွဲ့တို့ စက်တင်ဘာလ ၇ ရက်နေ့က လဟယ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခွဲထွက်အဖွဲ့ဘက်က ၃ ယောက် သေဆုံးသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ လဟယ်မြို့ရှိ ကိုင်းဆန်လုံကျန်း ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး NSCN- အန်းမိုင် အဖွဲ့ဘက်မှ သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်ဟု နာဂလက်နက်ကိုင် အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဖွဲ့သစ်က NSCN-အန်းမိုင် အဖွဲ့က စစ်သား ၂ ဦး သေတယ်။ အဲ့ သူတို့ အန်းမိုင်ရဲ့ ဗိုလ်ချုပ်ကတော့ အိမ်ပြန်တဲ့ လမ်းမှာ အဲမှာပဲ သတ်လိုက်တယ်ပြောတယ်။ အဲမှာ ၃ ယောက် ကျတာပေါ့။ သူတို့က ကိုင်ဆန်လုံကျန်းမှာ စစ်ကြောင်းထိုးတဲ့ သဘောသွားတာပေါ့။ အန်းမိုင်တို့က သွားတဲ့ချိန် ယုံးအောင်အဖွဲ့က သူတို့စခန်းကို သွားတိုက် တာ။ အခုတော့ ငြိမ်သွားပြီ။ လာတိုက်တာကတော့ ညမှာ လာတိုက်တယ်တဲ့ အတိအကျ သတင်းရတာ” ဟု ၎င်းက ပြောသည်။

သို့သော် မည်သည့်အကြောင်းအရင်းကြောင့် တိုက်ပွဲဖြစ်ပွားရသည်ကိုမူ မသိရသေးကြောင်း နာဂလက်နက်ကိုင် အဖွဲ့နှင့် နီးစပ်သူက ဆက်ပြောသည်။

NSCN-K ဥက္ကဋ္ဌဟောင်း ကပ္ပလန် ကွယ်လွန်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်မှာ NSCN-K ၏ ယာယီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဦးယုံးအောင်အား ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင် မြောက်ခဲ့ကြသည်ဟု ဆိုသည်။

ထိုနောက် ဦးယုံးအောင် ဦးဆောင်သည့် NSCN-K ၏ ဒု-စစ်ဦးစီးချုပ် နီကီဆူမီသည် သဘောထားကွဲလွဲကာ ခွဲထွက်သွားပြီး အိန္ဒိယအစိုးရထံ အလင်းဝင်၍ ငြိမ်းချမ်းရေးယူသွားခဲ့ကြောင်း နာဂလက်နက်ကိုင် အဖွဲ့နှင့် နီးစပ်သူများက ပြောပါသည်။

ဗိုလ်ချုပ်ကြီး အန်းမိုင်သည်လည်း NSCN-K ဦးယုံးအောင်၏ စစ်ဦးစီးချုပ်ဖြစ်လာပြီးနောက် သဘောထား ကွဲလွဲမှုများ ထပ်မံဖြစ်ပေါ်ခဲ့ပြီး NSCN- အန်းမိုင်အဖွဲ့ အဖြစ် ခွဲထွက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး အန်းမိုင်သည် ကွယ်လွန်သူ NSCN-K ဥက္ကဋ္ဌဟောင်း ကပ္ပလန်၏ ကိုယ်ရေးအရာရှိ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့၌ NSCN-K အဖွဲ့မှ ခွဲထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ NSCN – အန်းမိုင်အဖွဲ့သည် လဟယ်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် နာဂလက်နက်ကိုင် ခွဲထွက် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း နာဂလက်နက်ကိုင် အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့နှင့် ခွဲထွက်ရေးအဖွဲ့ NSCN – အန်းမိုင် အဖွဲ့တို့ အကြား ယခုနှစ် ဇွန်လတွင်လည်း နှစ်ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ပြီး ထိုတိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။

NMG ပေးပို့သည်။