“စစ်ကောင်စီအနေနဲ့ အာဆာကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ် ထားတဲ့ကိစ္စလည်း ရှိပါတယ်။ အဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းကို သွားထောက်ပံ့ရင်တော့ သူတို့ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားမယ်။ ဒါကြောင့် အဲ့ဒီနည်းလမ်းကို မတတ်သာမှသုံးမယ်လို့ ယူဆတယ်” ဦးဖေသန်း- ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူနှင့် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း

By MPM 12 စက်တင်ဘာ, 2023 👁

ARSA အဖွဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိလာတဲ့အပေါ် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း လည်းဖြစ် ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ အခုနောက်ပိုင်း ARSA အဖွဲ့ (ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်) ရဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိလာသလို စစ်ကောင်စီတပ်က အာဆာအဖွဲ့ကို လက်နက်တပ်ဆင်ပေးပြီး စစ်ရေးသင်တန်းပေးနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးလေ့လာသူ တချို့က ပြောဆိုပါတယ်။ ဒါ့အပြင် အာဆာ-ARSA အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တချို့ကြောင့် လူမျိုးနှစ်ခုအကြား မသင့်မမြတ် ဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီလိုပြဿနာတွေ မဖြစ်လာစေဖို့ ရခိုင်တမျိုးသားလုံးက သတိထားစောင့်ကြည့်ရမှာ ဖြစ်သလို မွတ်ဆလင်တွေ အနေနဲ့လည်း ရခိုင်သားတွေနဲ့ တန်းတူယှဉ်တွဲနေထိုင်ပြီး ပြဿနာတွေထဲ ဝင်မပါမိစေဖို့ လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး ဦးဖေသန်းကို အခုလို ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။ ။ အခုနောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အာဆာတွေ လှုပ်ရှားမှုများနေသလို ဘင်္ဂလားဒေ့ရှ်ဘက်ကနေလည်း သူတို့နဲ့ဆက်စပ်သူတွေ အဝင်အထွက်များတယ်လို့ သိရတယ်ပေါ့လေ။ တစ်ဖက်နိုင်ငံက ဝင်လာသူတွေကို နယ်စပ်မှာပိုက်ဆံယူပြီး သွင်းနေတာတွေလည်း ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာတွေရှိတယ်။ ဒီကိစ္စတွေမှာလည်း စစ်တပ်က ပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိကြပါတယ်။ ဒီအခြေအနေတွေအပေါ် ဦးဖေသန်းအနေနဲ့ ဘယ်လိုသိထားပါလဲ။ ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ။ ။ ကျနော်တို့နဲ့တော့ အလှမ်းဝေးပါတယ်။ ဒါပေမယ့် သတင်းတွေအရတော့ အဝင်အထွက်တွေများတယ်။ နောက်ပြီး အာဆာအဖွဲ့တွေက လူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကိုတော့ ကြားရပါတယ်။ တချို့ကလည်း အာဆာအဖွဲ့ကို စစ်ကောင်စီက သေနတ်တွေ ထုတ်ပေးထားတယ်။ ULA/AA ကို တိုက်ဖို့အတွက် အားပေးအားမြှောက် လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားပါတယ်။ ဒါပေမယ့် အဲ့ဒီသတင်းတွေဟာ ဘယ်လောက်ထိ အခြေအမြစ်ရှိတယ်ဆိုတာကိုတော့ ဒီနေ့ထိ တိတိကျကျ ထွက်မလာသေးဘူး။

သေချာတဲ့ သတင်းရင်းမြစ် မရှိသေးဘူးလို့ ကျနော်ကတော့ ယူဆတယ်။ ဒါကြောင့် ပြောဖို့တော့ခက်တယ်။ ဒါပေမယ့် ဒီကိစ္စတွေက နယ်စပ်ဒေသလည်းဖြစ်တယ်။ နောက်ပြီး (မွတ်ဆလင်) ပြဿနာတွေ၊ ကမ္ဘာနဲ့ ပတ်သက်တဲ့ ပြဿနာတွေပေါ့။ ဒီလို Issue (ကိစ္စ) တွေနဲ့လည်း ပတ်သက်နေတယ်။ နောက်ပြီး ကိုယ့်ရခိုင်ပြည်နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးမှုတွေဆိုတော့ ဒါတွေကဘယ်လောက်ထိ သေချာလဲ၊ ဘယ်လောက်ထိမှန်ကန်လဲ သတိထား စောင့်ကြည့်ဖို့တော့လိုတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ပြည်သူလူထုကြား လူမျိုး၊ ဘာသာရေး ပြဿနာတွေ ပြန်ဖြစ်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း တွေ့နေရတော့ ဒီလိုပဋိပက္ခတွေအထိ ဦးတည်သွားနိုင်တယ်လို့ရော မြင်ပါလား။

ဖြေ။ ။ စစ်ကောင်စီကတော့ သူတို့အခက်အခဲအကျပ်အတည်း ဖြစ်လာရင် ဘာကိုမလုပ်၊ ဘာကိုလုပ်မယ် ဆိုတာမျိုးတော့ ကျနော်တို့ ပြောလို့မရဘူး။ သူတို့ အခက်အခဲ အကျပ်အတည်းပေါ် မူတည်လို့ သူတို့ကတော့ လုပ်ချင်လည်း လုပ်မယ်။ ဒါပေမယ့် စစ်ကောင်စီအနေနဲ့ အာဆာကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ် ထားတဲ့ကိစ္စလည်း ရှိပါတယ်။ အဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းကို သွားထောက်ပံ့ရင်တော့ သူတို့ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားမယ်။ ဒါကြောင့် အဲ့ဒီနည်းလမ်းကို မတတ်သာမှသုံးမယ်လို့ ယူဆတယ်။ အာဆာကို လက်နက်ထုတ်ပေးပြီး ULA/AA ကို တိုက်မယ့်ပုံစံမျိုးပေါ့။

နောက်တစ်ခုက အာဆာအဖွဲ့ အနေနဲ့လည်း ULA/AA ကို စစ်ရေးအရ ယှဉ်ပြိုင်နိုင်တဲ့ အဖွဲ့တော့ မဟုတ်ဘူး။ အဲ့လောက်လည်း အင်အားမရှိဘူး။ ရာဂဏန်းလောက်ပဲ ရှိမယ်။ AA သိမ်းဆည်းထားတဲ့ တပ်စခန်းတွေကို ဝင်ရောက်တပ်စွဲနေတဲ့ အာဆာအဖွဲ့ကို AA က ဝင်တိုက်လို့ အကျအဆုံး ထိခိုက်မှုများခဲ့တာတွေလည်း ရှိခဲ့တယ်။ ULA/AA ကလည်း နယ်စပ်တလျှောက် အခိုင်အမာ တပ်စွဲထားတော့ အဲ့လောက်လက်ရဲဇက်ရဲ ရခိုင်ပြည်ကို ဒုက္ခပေးနိုင်မယ်လို့ မထင်ဘူး။ တခုရှိတာပေါ့ နယ်စပ်မှာ အဝင်အထွက်ဆိုတာကတော့ ရှိတယ်။ ဒီဘက်က မွတ်ဆလင်တွေနဲ့ အဲ့ဒီဘက်က မွတ်ဆလင်တွေကလည်း အားလုံးရောထွေးယှက်တင် ဖြစ်နေတယ်။ ဆွေမျိုးသားချင်းလည်း ဖြစ်နေတယ်။

ဒီဘက်က မွတ်ဆလင်တွေလည်း အဲ့ဒီဘက်ကို ရောက်နေတော့ အဝင်အထွက်တွေတော့ ရှိလောက်ပါတယ်။ စစ်ကောင်စီက ဖြစ်ဖြစ်၊ NUG က ဖြစ်ဖြစ် ဒီကိစ္စတွေကို နိုင်ငံရေးအရ အမြတ်ထုတ်ချင်တာတွေ ရှိတယ်။ မွတ်ဆလင်တွေကို လက်ခံဖို့၊ ရိုဟင်ဂျာ နာမည်ပေးဖို့၊ သူတို့တွေကို နိုင်ငံသား အသိအမှတ်ပြုဖို့ဆိုတဲ့ ရှုထောင့်ဘက်က NUG က ပြောနေတာတွေလည်း ရှိတယ်။ ဒါကြောင့် ဒါတွေဟာ ရခိုင်ပြည်၊ ရခိုင်လူမျိုးနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တယ်။ ကျနော်တို့ဟာ ကြီးကျယ်တဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်ပြီးသွားပြီ။ ကျနော်တို့က ဒါတွေကို မကိုင်တွယ်ရင် အခက်အခဲကြုံလာနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ရခိုင်တမျိုးသားလုံးက ဒီကိစ္စကို သတိထားစောင့် ကြည့်ရမှာဖြစ်တယ်။

မွတ်ဆလင်တွေ အနေနဲ့လည်း ကိုယ့်ရခိုင်ပြည်မှာ ရခိုင်သားတွေနဲ့ တန်းတူညီတူ ကိုယ့်ရခိုင်ပြည်ကို ချစ်တဲ့စိတ်နဲ့အတူ နေထိုင်မယ့်စိတ်ကို မွေးမြူပြီး ဒီပြဿနာတွေကို မဖန်တီးဖို့ လိုပါတယ်။ ARSA တို့၊ RSO တို့ရဲ့ လှုပ်ရှားမှုတွေမှာ မွတ်ဆလင်တွေဟာ မပါဝင်ဖို့ လိုပါတယ်။ ကျနော်တို့ ရခိုင်သူ၊ရခိုင်သားတွေနဲ့ နွေးနွေး ထွေးထွေး အနာဂတ်မှာ အတူတူ မျိုးချစ်စိတ်ဓာတ်နဲ့ ကိုယ့်ပြည်ကိုချစ်တဲ့စိတ်နဲ့ နေထိုင်ကြမယ်ဆိုရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို မွတ်ဆလင်ရော၊ ရခိုင်တွေပါ စောင့်ကြည့်ပြီး မဖြစ်သင့်တာတွေ မဖြစ်အောင် သမိုင်းမှာ နောက်တစ်ကြိမ် အမဲစက်တွေ မထင်ရအောင်၊ စစ်ကောင်စီရဲ့ အသုံးချမှုကိုလည်း မခံရအောင် ကြိုတင်ပြီး ဒီကိစ္စတွေကို တွေးတောရမယ်။ စောင့်ကြည့်ရမယ်။ လိုအပ်သလို ပါဝင်လှုပ်ရှားရမယ်။

ဒီလိုဆိုရင်တော့ ဒီကိစ္စတွေဟာ တော်ရုံတန်ရုံနဲ့ ခေါင်းထောင်လာမှာ မဟုတ်ဘူး။ ကျနော်တို့ ရခိုင်သူ၊ ရခိုင်သားတွေလည်း စိတ်အေးရမယ်။ မွတ်ဆလင်တွေ အနေနဲ့လည်း နောက်ထပ်တကြိမ် ပြဿနာတွေ ဖန်တီးရာမှာ မပါဝင်ဖို့ပေါ့လေ။ ဒီလိုမျိုး အားလုံး တညီတညွတ်တည်း လုပ်မယ်ဆိုရင် ဒီလိုကိစ္စမျိုးဟာ ဖြစ်လာနိုင်စရာ မရှိဘူး။ အာဆာတွေရဲ့ လှုပ်ရှားမှုဟာ အဲ့လောက်ထိ ကျနော်တို့ကို စိုးရိမ်ရအောင်အထိ၊ ကျနော်တို့ကို အပြစ်ဖြစ်နိုင်လောက်အောင်အထိ ဒီနေ့အချိန်မှာတော့ မမြင်သေးဘူး။ နောက်လည်း ညီညီညွတ်ညွတ်နဲ့ လုပ်မယ်ဆိုရင်တော့ ဒီကိစ္စတွေဟာ ဖြစ်လာမယ်လို့ မယုံကြည်ပါဘူး။ ဖြစ်လာနိုင်ရင်လည်း အလွယ်တကူပဲ ပြန်လို့အေးဆေးသွားအောင် စွမ်းဆောင်နိုင်မယ်လို့ ယူဆပါတယ်။

မေး။ ။ နောက်တစ်ချက်က ရက္ခိုင့်တပ်တော်အနေနဲ့လည်း ရခိုင်မှာ စင်ပြိုင်အုပ်ချုပ်ရေးအနေနဲ့ ရှိနေတဲ့ အနေအထားမှာ အခုလိုစစ်တပ်က မသမာတဲ့ နည်းလမ်းတွေကိုသုံးပြီး လှုပ်ရှားမှုတွေ ရှိလာတယ်။ တဘက်မှာလည်း ဒုက္ခသည်တွေကို လက်ခံဖို့ စစ်ကောင်စီကအပူတပြင်း ဆောင်ရွက်လာတာမျိုး တွေ့ရတယ်။ ဒီ အခြေအနေတွေက ULA/AA အပေါ် သက်ရောက်မှုတွေ ဘယ်လိုရှိနိုင်ပါလဲ။ သူ့ရဲ့အခန်းကဏ္ဍကရော ဘယ်လောက် အရေးပါပါလဲ။

ဖြေ။ ။ ရက္ခိုင့်တပ်တော် (AA) ကတော့ ဒီ ဘင်္ဂလားဘက်က မွတ်ဆလင်တွေကို ပြန်လည်လက်ခံမယ့်ကိစ္စမှာ သူတို့အနေနဲ့ ဒီဘက်ကသာ ဖိတ်ခေါ်မယ်။ အကူအညီတောင်းမယ်ဆိုရင် ဝင်ပါဖို့စိတ်ကူး ရှိတယ်လို့ သူတို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားခဲ့တာ ရှိပါတယ်။ ရခိုင်ပြည်မှာ ရခိုင်သားတွေရဲ့ ဆန္ဒကိုမယူဘဲ ရခိုင်မှာရှိတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ သဘောထားကိုမယူဘဲ တဘက်က လုပ်မယ်ဆိုရင် ဒီပြဿနာတွေဟာ အေးချမ်းမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီပြဿနာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား အဓိက ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်။ သူများတွေကလာပြီး ဆရာကြီးလာလုပ်ပြီးတော့ နိုင်ငံရေး အမြတ်ထုတ် သွေးထိုး ရန်တိုက်ပေးတဲ့ ပုံစံမျိုး၊ တဘက်ကို အခွင့်အရေးပေး မြှောက်ပင့်ပေးတဲ့ပုံစံမျိုး လုပ်လို့ကတော့ အေးချမ်းမှာ မဟုတ်ဘူး။

ဒါကြောင့် ဒီပြဿနာထဲမှာ ရခိုင်ကိုယ်စားပြုပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ပါဝင်ဖြေရှင်းဖို့ လိုပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ ရခိုင်တစ်မျိုးသားလုံးက အားကိုးအားထားပြုနေတဲ့ ULA/AA က ဒီကိစ္စကို ဖြေရှင်းမယ်ဆိုရင်တော့၊ ဖြေရှင်းတဲ့ကိစ္စတွေမှာ ပါဝင်နိုင်မယ်ဆိုရင်တော့ ပိုပြီး ရခိုင်သူ၊ ရခိုင်သားတွေကလည်း ပိုလက်ခံနိုင်မယ်၊ ပိုနီးစပ်သွားမယ်။ ဒါကြောင့် ရခိုင်တွေရဲ့ကံကြမ္မာ အဆုံးအဖြတ်ကို ပေးတဲ့နေရာမှာ ရခိုင်အဖွဲ့အစည်းတွေ မပါလို့မရဘူး။ ဗမာနိုင်ငံရေးပါတီတွေ၊ ဗမာအဖွဲ့အစည်း၊ ဗမာစစ်တပ်၊ NUG အပါအဝင် ကိုယ့်ရဲ့ အသာစီးရလိုမှု၊ နိုင်ငံရေး အသာစီးရလိုမှုနဲ့ ဒီကိစ္စကို အသုံးချမယ်ဆိုရင်တော့ ဒါ သမိုင်းမှာ ဆိုးဝါးတဲ့ ကိစ္စတွေပဲ ဖြစ်လာမယ်။ ရခိုင်တွေရဲ့ ဆန္ဒမပါဘဲ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။

မေး။ ။ ဆရာ့အနေနဲ့ ဒီကိစ္စတွေအပေါ် ခြုံငုံသုံးသပ်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ အာဆာအဖွဲ့ကတော့ လောလောဆယ် ရခိုင်ပြည်ကို ဒုက္ခပေးနိုင်လောက်တဲ့အထိ အင်အားမရှိဘူး။ ဒီအပေါ်မှာ မရိုးမသားတဲ့ စိတ်ဓာတ်နဲ့ အသုံးချပြီး ရခိုင်နဲ့ မွတ်ဆလင် ပဋိပက္ခ နောက်တစ်ကြိမ် ပြန်ဖြစ်လာမယ် ဆိုရင် ဒါတွေဟာ လုပ်ဆောင်သူတွေရဲ့သမိုင်းမှာ လုပ်ခဲ့တဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ၊ မကောင်းတဲ့ အပြုအမူတွေပဲ အမြဲတမ်း မှတ်တမ်းတင် ခံရပါမယ်။ ဒါကြောင့် ဒီကိစ္စဟာ နိုင်ငံရေးပြဿနာ၊ အမျိုးသားရေး ပြဿနာဖြစ်တဲ့အတွက် အားလုံးကောင်းကောင်းမွန်မွန် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ကြဖို့ ကျနော်တို့ကတော့ လိုလားပါတယ်။

နိရဉ္စရာ ပေးပို့သည်။